ကျွန်ုပ်လက်ရာ ၁၄၊ သရက်ပျဉ်

 





        မန္တလေးသရက်ပြပွဲမှာ သရက်မျိုး(၉၀)လောက် နှစ်စဉ်ပြပါတယ်။ ဒါတောင် မြန်မာမှာတွေ့တဲ့ သရက် မျိုး(၂၀၀)ခန့်ရဲ့ တစ်ဝက်ပဲရှိပါသေးတယ်။ ကမ္ဘာကျော်သရက်တချို့က မန္တလေးတိုင်းက ထွက်တာပါ။ မန္တလေး သရက်တွေက ရှေးဘုရင်ခေတ်တည်းကကျော်ကြားခဲ့တာ။ မန္တလေးတိုင်းထွက် စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ တို့က (၁၉၈၉)ကစပြီး ကမ္ဘာပတ်ခဲ့လေရဲ့။

            သရက်ပေါတော့ သရက်ပျဉ်လဲထွက်တယ်။ ကြေးတငုံ၊ သံကွန်ချာ၊ ဦးမေရိယ၊ ငှက်တော်၊ နို့ဆီ၊ မသီ၊ ဆင်ပေါင်၊ ဆင်နင်း၊ ဗြုတ်သီး၊ သကြား၊ ပျိုတစ်ငုံ၊ မယ်လှ၊ အုတ်ဖား၊ ဗျက်တိ၊ အထွဋ်၊ နတ်တဲ့ အဆင်ပြေတဲ့သရက်သီးမှည့်နဲ့ သရက်ပျဉ်လုပ်ပါဗျာ။ အရသာတော့ ကွာမှာပေါ့။

ကျွန်တော်တို့ခြံမှာတော့ စိန်တစ်လုံး၊ ဟင်္သာ၊ ပတ္တမြားငမောက်၊ ခေါင်ကျိုး၊ စိမ်းချိုနဲ့ အမည်မသိတချို့ ရှိပါတယ်။ တန်ခူးလကုန် စိန်တစ်လုံးသရက်ချိန်ကနေ၊ ဝါဆိုလ ခေါင်ကျိုးသရက်ချိန်ထိ တစ်နှစ်ရဲ့ သုံးပုံတစ်ပုံ လောက် သရက်သီးမပြတ်ဘူးဆိုရမှာပဲ။ သရက်သီးမြိုင်လွန်းတော့ လှူဟယ်တန်းဟယ်၊ လက်ဆောင်ပို့ဟယ်နဲ့ ကြည်နူးမဆုံးဘူး။ အခုလို တာရှည်ခံစားစရာတွေလဲ ဖန်တီးဖြစ်ပြန်ရော။ သရက်ပျဉ်လေ . . . သရက်ပျဉ်။

ပါဝင်တာက တစ်မျိုးတည်းပါ။ သရက်သီးမှည့် သက်သက်ပဲ။

 

ကျိုတော့မယ် -

            အိမ်မှာ ဘေးကင်းကင်းနဲ့ သန့်သန့်ရှင်းရှင်းလုပ်စားတဲ့နည်းပါ။ ရောင်းတန်းကတော့ ‘ပိုတက်ဆီယမ် မက်တာဘိုင်ဆာလဖိုက်’ တာရှည်ခံဆေးထည့်ပါတယ်။ တချို့က သကြားတွေ၊ အနံ့တွေ ထည့်သေးတယ်။ ကျွန်တော်ကမထည့်ဘူး။ တစ်ခါတလေ ဆားနည်းနည်းပဲထည့်တာ။ သရက်ပျဉ်ကျိုရတာ မခက်ပါဘူး။ ဒါပေမဲ့ လက်ညောင်းမယ်၊ သရက်နှစ်ပူပူတွေ ဗွက်ခနဲစင်မယ်။ အများကြီးကျိုရင်တော့ အတော်ပင်ပန်းမယ်။

သရက်သီးမှည့်တွေကို အခွံခွာ၊ အသားလှီး၊ အနှစ်တိုက်ထားပါ။ မတိုက်လဲရပါတယ်။ ကျွန်တော်က ‘ရင်ကွဲ’လို သရက်ကြမ်းမသုံးလို့ အနှစ်မတိုက်ပါဘူး။ လှီးပြီးသရက်သားတွေကို အိုးထဲထည့်ပြီး မီးအေးအေးနဲ့ ကျိုပါ။ သရက်ပျဉ်ထည့်မဲ့ လင်ပန်းတွေကိုတော့ ဆေးကြောအခြောက်ခံပြီး ပြင်ထားပါ။

            သရက်နှစ်တွေ ချော်ရည်လိုပွက်လာရင် ယောက်မနဲ့မွှေပေတော့။ ကျွန်တော်က ထင်းမီးသုံးလို့ ပိုမြန် တယ်။ အဆက်မပြတ် မမွှေရင်တော့ကပ်မှာ။ သရက်သားလေးတွေထန်းပြီး အနှစ်ဖြစ်တဲ့အခါ ဝါညိုရောင်သမ်း လာလိမ့်မယ်။ ရပ်လို့မရသေးဘူးနော်၊ ဆက်မွှေ။ ဘယ်ချိန်ထိလဲဆိုရင် သရက်သားတွေ အတော်ပျစ်နှစ်တဲ့ထိ။ အချိုးပြောပါဆိုရင် ‘သရက်သီး ဒွာဒဿမပိသာကျိုရင် ဧကပိသာပဲကျန်ရမယ်။’

သရက်နှစ်တွေကို လင်ပန်းပေါ်တင်ပြီး စိတ်ရှည်လက်ရှည်ဖြန့်ပါ။ ထူလပိန်းတွေတော့ မဖြစ်ပါစေနဲ့။ ဟိုနေရာထူ၊ ဒီနေရာပါးလဲ မဖြစ်ပါစေနဲ့။ ညီအောင်ညှိပြီးရင် ‘ခြင်၊ ယင်၊ ဖုန်’ မတက်အောင် နေပူကျဲမှာလှန်းပါ။ နေသိပ်ပြင်းမယ်ဆို တစ်နေနဲ့ရပါတယ်။ နှစ်နေပြရင် မဆိုးဘူး။ မိုးအုံံ့ရင်တော့ ရက်ပိုလှမ်းပေးပါ။ ဖန့်သွားတဲ့ အခါ ပန်းထဲကနေခွာထုတ်။ လှီး၊ လိပ်၊ ဖြတ် နှစ်သက်သလိုလုပ်ပြီး လေလုံလုံနဲ့သိမ်းရင် သရက်ပျဉ်လေးတွေ ရပြီပေါ့ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၁၂.၆.၂၀၂၁


Comments