ဒီမုန့်လုပ်နည်းကို လွန်ခဲ့တဲ့(၁၂)နှစ်ကျော် (၂၀၀၉)ခုနှစ်တုန်းက သင်တန်းကျောင်းမှာသင်ခဲ့ရတာပါ။ အရှေ့တိုင်း၊ အနောက်တိုင်း၊ ဥရောပ၊ တရုတ်၊ ကုလား အစားအသောက်နဲ့ မုန့်မျိုးစုံဘာသာရပ်ကို တတ်မြောက် ခဲ့ပါတယ်။ ဒီမုန့်က တရုတ်တောင်ပိုင်းက စခဲ့တဲ့မုန့်ပါ။ တရုတ်နိုင်ငံရောက်တော့လဲ စားဖိုမှူးတွေကို မေးမြန်း ဖြစ်ခဲ့သေးတယ်။ အခုနည်းမှာ အခြေခံပစ္စည်းအားလုံးထည့်ထားပါတယ်။ အပိုအနေနဲ့ ဝက်အူချောင်း၊ အသား၊ မှို စတာတွေ ထည့်နိုင်ပါတယ်။ သက်သက်လွတ်လုပ်ရင်လဲ အရသာရှိပါတယ်။
ပါဝင်ပစ္စည်းတွေ -
၁၊ ပိန်းဥ
၂၊ ဆန်မှုန့်
၃၊ ကြက်သွန်နီ
၄၊ ကြက်သွန်မြိတ်
၅၊ ခါကျက်ဥ
၆၊ ပုစွန်ခြောက်
၇၊ ဆီ
၈၊ နှမ်း
၉၊ ဆား
၁၀၊ နာနတ်ပွင့်မှုန့်
ပြုလုပ်ပုံ
လုပ်ရတာ အထိုက်အလျောက်တော့ လက်ဝင်ပါတယ်။ ပိန်းဥမှာ ‘ကယ်ဆီယမ် အောက်ဆလိတ်’ ပါလို့ သေချာမကိုင်ရင် ယားနိုင်ပါတယ်။ ဒါပေမဲ့ မီးအပူချိန်ကြောင့် ဓာတ်ပြယ်လို့ မယားတော့ပါဘူး။ ပိန်းဥကို သတိ ပြုပြီးအခွံခွာပါ။ ရေဆေးပြီး အံစာတုံးအရွယ် အတုံးလေးတွေတုံးထားပါ။
ကျွန်တော်က တုံးပြီးတာနဲ့ လက်ဆေးပါတယ်။ အချွဲလဲသန့်၊ အယားလဲပြေတာပေါ့။ ပြီးရင် ဆန်မှုန့်ကို ရေနည်းနည်းနဲ့ဖျော်တယ်။ ဟိုဒီအမှုန့်တွေ စပ်ဖျော်လဲရပါတယ်။ အခုတော့ သူ့ချည်းသုံးပါတယ်။ ခါကျက်ဥကို အသေးလေးတွေ တုံးထား။ ပုစွန်ခြောက်ကိုရေဆေးထား။ အကောင်ကြီးရင် နုတ်နုတ်စင်း။ ကျွန်တော်က ပုစွန်ခြောက်အသေးပဲသုံးထားလို့ စင်းစရာမလိုပါဘူး။ ကြက်သွန်နီပါးပါးလှီး။ ကြက်သွန်မြိတ် ရိတ်ရိတ်လှီးပါ။
ပိန်းဥကိုအရင်ချက်ရပါမယ်။ ကနဦးအနေနဲ့ ကြက်သွန်နီကို ဆီသတ်ပါ။ ကြွပ်သွားရင် ဆယ်ထားပါ။ လက်ကျန်ဆီထဲကို ပုစွန်ခြောက်ထည့်ကြော်ပါ။ ပုစွန်ခြောက် သွေ့လာရင် ပိန်းဥ၊ ဆား၊ ကြက်သွန်နီကြော်၊ နာနတ်ပွင့်မှုန့် တို့ထည့်ပါ။ နာနတ်ပွင့်က တရုတ်နံ့ပေါက်သွားစေပါတယ်။ မကြိုက်ရင် မထည့်လဲရပါတယ်။
ပိန်းဥကို အတန်ငယ်နူးအောင်ကြော်ပါ။ ပြဲဖို့မလိုပါဘူး။ အပြင်သားလေးတွေအိလာရင် ဆန်မှုန့်အဖျော် ထည့်မွှေပေးပါ။ ဆန်မှုန့်တွေပျစ်ခဲပြီး ပိန်းဥနဲ့ရောသွားရင် ပေါင်းမဲ့ခွက်ထဲ ဆီသုတ်ပြီးထည့်ပါ။ ရေနွေးငွေ့နဲ့ တစ်နာရီလောက်ပေါင်းလိုက်ပါ။
ကျက်လို့အအေးခံပြီးရင် အတုံးတုံးပါ။ အပေါ်ကနေ ခါကျက်ဥလေးတွေ၊ နှမ်း၊ ကြက်သွန်မြိတ် စတာ တွေဖြူးပြီး စားနိုင်ပါပြီ။ ကြော်တာကြိုက်ရင်ကြော်စားပါ။ မန်ကျည်းချဉ်နဲ့စားရင်လိုက်ပါတယ်။ မန်ကျည်းချဉ် စပ်နည်းကိုတော့ အလျဉ်းသင့်ခဲ့ရင် ဖော်ပြပါအုံးမယ်။
ကောလိယ ဝေယံမောင်မောင်
၁၉.၉.၂၀၂၁
Comments
Post a Comment