အတုလုပ်တဲ့နေရာမှာ ဒီနေ့ခေတ်က အတော်ဆုံးလို့ပြောကြတယ်။ မလိုင်တစ်စက်မှမပါတဲ့ မလိုင်မုန့်၊ ပုစွန်တစ်ကောင်မှပါတဲ့ ပုစွန်ချဉ်၊ ငရုတ်တစ်တောင့်မှမပါတဲ့ ငရုတ်ဆီ၊ ငါးတစ်တုံးမှမပါတဲ့ ငါးမုန့် စသဖြင့်ပေါ့။
ဒီလိုပဲ ခံတက်တစ်ရွက်မှမပါတဲ့ ခံတက်ချဉ်လဲရှိတယ်။ ဘာနဲ့လုပ်လဲဆိုတော့ ရာဘာရွက်နဲ့လုပ်တာ။ ခံတက်ပင်ကို ကုန်းခံတက်လို့လဲ ခေါ်ကြပါတယ်။ အညာမှာပေါတာကိုး။ ရေခံတက်ကျတော့ အောက်ပြည် ရေစပ်မှာပေါက်တတ်တယ်။ ကုန်းခံတက်က အချဉ်တည်တာအပြင် အသုံးဝင်တာတွေ အများကြီးရှိပါတယ်။
ဝါကျင့်ကျင့် အိမ်သုံးပစ္စည်းတွေ၊ ဘီးတွေ၊ ဗုံတွေ၊ သေတ္တာတွေက ခံတက်သားနဲ့လုပ်ခဲ့ကြတာပေါ့။ အနာတို့၊ ဆီးရောဂါတို့၊ ကျောက်တည်တာတို့ပျောက်တယ်လို့ မှတ်ရတယ်။ အရွက်က လေထိုးလေအောင့် ပျောက်စေတာ။ ဒါ့ကြောင့် နွေဆိုထိန်အောင်ပွင့်တဲ့ ခံတက်တစ်ပင် ခြံထဲရှိနေတာ အသုံးတည့်နေရော။
ခံတက်ချဉ်လုပ်ဖို့ လိုအပ်တဲ့(၂)ခု
၁၊ ခံတက်ရွက်
၂၊ ရေ
ခံတက်ချဉ်က လုပ်ရတာလွယ်ပါတယ်။ ရေသန့်ဖို့လိုတယ်။ ခံတက်ရွက်နုနုလေးတွေခူး၊ ရေဆေးပြီး ရေစိမ်ထားပေးရုံပါ။ အရွက်ရင့်ဆိုရင်တော့ နည်းနည်းသက်တဲ့အရသာရှိတယ်။ အရွက်စိမ်တာရေနောက်ရင် ရေအသစ်လဲလဲပေးပြီး နှစ်ရက်၊ သုံးရက်အကြာမှာ စားရုံပါပဲ။ ဆန်ဆေးရေနဲ့ချဉ်လဲ ရပါတယ်။ ချဉ်လာတဲ့ ခံတက်ရွက်တွေကို မြှုပ်စားလဲရသလို ကြက်သွန်နီ၊ ပဲဆီ၊ ဆား၊ ငရုတ်သီးစိမ်း စတာနဲ့ ခပ်လွယ်လွယ်သုပ်စားလဲ ရပါတယ်ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၇.၁၀.၂၀၂၁




Comments
Post a Comment