‘မိုးလေဝသနှင့် ဇလဗေဒ’ ဆိုတာ ‘မိုး+လေ+ဝသ+ဇလ+ဗေဒ’ စကား(၅)လုံး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ တစ်လုံးစီရှင်းပြပါမယ်။
မိုး
‘မိုး’ ဆိုတာ မြန်မာစကားစစ်စစ်တဲ့။ မိုးထားတာကို ခေါ်တာပါ။ ခေါင်မိုး၊ လွှမ်းမိုး၊ ပေါင်းမိုး၊ အုပ်မိုး စသဖြင့်။ ဒါ့ကြောင့် ‘မိုး’ ပေါ်ကရေကျရင် မိုးရေ၊ မိုးကျ၊ မိုးရွာ လို့ပြောကြတယ်။
တချို့က ‘မိုး’ ဟာ ‘မေဃ’ ဆိုတဲ့ ပါဠိကလာတယ်ယူဆပြီး ‘မိုဃ်း’ လို့ရေးခဲ့တယ်။ မြန်မာစာ ပညာရှင်ကြီး ဦးဖိုးလတ်က မဟုတ်ကြောင်းဆိုတယ်။ ‘မေဃ’ ဆိုတာ ‘တိမ်’ ကိုပြောတာကိုး။
တကယ်လို့ ‘မိုဃ်း’ လို့ရေးမယ်ဆိုရင်လဲ ‘မိုး’ သံမထွက်မပါဘူး။ ဂငယ်နဲ့ ဃကြီး အသံတူတာမို့ ‘မဂ်’ လို့အသံထွက်မှာပါ။ ဝစ္စပေါက်သံလဲ မပါဘူး။ ဒါ့ပြင် ကျောက်စာတွေမှာ ‘မိုး’ ကို ‘ဃသတ်’ မထည့်ခဲ့ကြပါဘူး။
ဥပမာ
‘မိုး၄နှစ် မြောက်ခဲ့ရကား’ ကို ‘မို၄နှစ် မြောက်ခရကာ’ လို့ရေးတာမျိုး။
‘မိုးသောက်’ ကို ‘မိုဝ်သောက်’ လို့ရေးတာမျိုး။
‘မိုးကြိုး’ ကို ‘မိုဝ်ကြိုဝ်’ လို့ရေးတာမျိုးပါ။
လေ
ပုဂံခေတ်က ‘လေ’ ကို ‘လိယ်’ လို့ရေးတတ်တယ်။ ကျစွာမင်း အမိန့်တော်ပြန်တမ်းမှာ ‘မိုးလေလည်း ကောင်းစေသတည်း’ ကို ‘မိုဝ်လိယ်လေ ကောင်စိတ်သတေ’ လို့ရေးပါတယ်။ ဝေါဟာရတ္ထ ပကာသနီကျမ်းမှာ လွင့်ပါးနေတာကြောင့် ‘လေ’ လို့ခေါ်ကြောင်း ဆိုပါတယ်။ ဥပမာ ‘လေလွင့်၊ လေတယ်’ ဆိုတာမျိုးပေါ့။
ဝသ
ပါဠိစကား ‘ဝဿ’ ကနေ ‘ဝသ’ ဖြစ်လာပါတယ်။ မိုးရွာတာကို ရည်ညွှန်းတာပါ။ ဝဿာန်မိုးဆိုတာ ဒီ ‘ဝသ’ ကိုရည်ညွှန်းတာပါ။
ဇလ
ပါဠိလို ‘ဇလ’ ဆိုတာ ရေကိုပြောတာပါ။ ဒါ့ကြောင့် ‘ရေဇလာ’ ဆိုပြီး တွဲရေးကြတာရှိပါတယ်။
ဗေဒ
ပါဠိစကား ‘ဝေဒ’ ကနေ ‘ဗေဒ’ ဖြစ်လာပါတယ်။ အသိပညာ၊ ပညာရပ်လို့ အဓိပ္ပာယ်ရပါတယ်။ ဘာသာရပ်တွေမှာ ဗေဒဆိုတာ ပါတတ်တယ်။ ဘောဂဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဆိုတာမျိုးပေါ့။
အနှစ်ချုပ်
စကားလုံးတွေစုရင် ‘မိုးလေဝသ’ နဲ့ ‘ဇလဗေဒ’ ဖြစ်လာတယ်။ အဘိဓာန်မှာ မိုးလေဝသကို ‘အပူ၊ အအေး၊ လေ၊ မိုး စသော သဘာဝအခြေအနေ အရပ်ရပ်’ လို့ဖွင့်ဆိုထားပြီး၊ ဇလဗေဒကို ‘မြေထု၊ လေထုတွင် ရေပျံ့နှံ့မှုနှင့် အကျိုးသက်ရောက်မှုကို လေ့လာသောပညာရပ်’ လို့ ဖွင့်ဆိုထားပါတယ်။
ကောလိယ ဝေယံမောင်မောင်

Comments
Post a Comment