၄၂၊ ပျက်၊ ပျတ်၊ ပျပ်၊ ပြက်၊ ပြတ် (မီးပျက် ရေးရင်မှား၊ မီးပြတ် ရေးရင်မှန်)

 

၄၂၊ ပျက်၊ ပျတ်၊ ပျပ်၊ ပြက်၊ ပြတ်

      မီးပျက် ရေးရင်မှား၊ မီးပြတ် ရေးမှမှန်

      

            ‘ပျက်၊ ပျတ်၊ ပျပ်၊ ပြက်၊ ပြတ်’ အသံချင်းနီးပေမဲ့ အနက်ချင်းခြားပါတယ်။ ဒါ့ကြောင့် ရောထွေးပြီး ‘မီးပြတ်’ အစား ‘မီးပျက်’ လို့ မှားရေးတတ်ပါတယ်။ တစ်လုံးချင်း ရှင်းလင်းပါမယ်။

 

ပျက်

            ပျက်စီးတာကို အဓိကဆိုလိုတာပါ။ ‘စက်ပျက်တယ်၊ စုတ်ပျက်တယ်’ စသည်။ သူ့အလိုလိုပျက်တာ ရှိသလို။ ဖျက်လို့ပျက်တာလဲ ရှိပါတယ်။ ဖျက်လို့ပျက်တာကို ပြုခြင်းနဲ့ ဖြစ်ခြင်း (သုဒ္ဓနဲ့ ကာရိုက်)လို့ ဆိုပါတယ်။ ဥပမာ -

- ဖျက်လို့ ပျက်တယ်။ (ပစ္စည်းပျက်)

- ဖျက်ဆီးလို့ ပျက်စီးတယ်။ (အကျင့်ပျက်)

- ဖျက်ချလို့ ပျက်ကျတယ်။ (ရဟတ်ယာဉ်ပျက်၊ ကိုယ်ဝန်ပျက်)

            မီးကိုကျ ‘ပျက်’ နဲ့တွဲလေ့မရှိပါဘူး။ ဥပမာ မီးပျက်ကျေ၊ မီးပျက်စီး၊ မီးပျက်ပြား၊ မီးပျက်ပြယ် ဆိုတဲ့ စကားမျိုး မရှိပါဘူး။

 

ပျတ်

            ‘ပျတ်’ ဆိုတာ အသံစွဲစကားလုံးပါ။ အစာစားတဲ့အခါ ‘ပျတ်ပျတ်မြည်အောင် မစားရဘူး’ လို့ လူကြီးတွေ ပြောတဲ့စကားရှိပါတယ်။ ဒါကို သတ်ပုံအရ ‘ပျတ်’ လို့ရေးပါတယ်။

 

ပျပ်

            နိမ့်တာ၊ ပုတာ ကိုဆိုလိုပါတယ်။ ဥပမာ - အရပ်ပုပျပ်ပျပ်နဲ့လူ။

 

ပြက်

            ‘ပြက်’ အဓိပ္ပာယ် အမျိုးမျိုးရှိပါတယ်။

၁၊ ထွန်းလင်းတာ (ပြိုးပြိုးပြက်ပြက် ထွန်းလင်း)

၂၊ ထင်ရှားတာ (ပြက်ပြက်ထင်ထင်)

၃၊ သင့်ရုံထည့်တာ (ရေသည်ပြဇာတ်ထဲမှာပါတဲ့ ဆန်ပြက်သိကာ)

၄၊ ရယ်စရာကိစ္စ (ပြက်လုံး၊ လူပြက်)

၅၊ ပေါ့ပေါ့တန်တန် (ပြက်တီးပြက်ချော်၊ အပြောင်အပြက်)

 

ပြတ်

            ‘ပြတ်’ အဓိပ္ပာယ် အမျိုးမျိုးရှိပေမဲ့ လိုရင်းကတော့ ‘ပြတ်တောက်တာ’ ဖြစ်ပါတယ်။ ‘ရုပ်သံလိုင်း ပြတ်တောက်တယ်၊ ရိက္ခာပြတ်လပ်တယ်’ စသဖြင့်သုံးပါတယ်။ ဒီနေရာမှာလဲ ပြုခြင်းနဲ့ ဖြစ်ခြင်း (သုဒ္ဓနဲ့ ကာရိုက်) ဆိုတာရှိတတ်တယ်။ ဥပမာ -

- ဖြတ်ချလို့ ပြတ်ကျတယ်။ (သစ်ကိုင်းဖြတ်လို့ ပြတ်ကျ)

- ရေဖြတ်လို့ ရေပြတ်တယ်။

- မီးဖြတ်လို့ မီးပြတ်တယ်။

- အင်တာနက်ဖြတ်လို့ အင်တာနက်ပြတ်တယ်။

            ဒါ့ကြောင့် ထုတ်ပြန်ကြေညာချက်တွေမှာ ‘ဓာတ်အားပြတ်တောက်၊ ရေပြတ်တောက်၊ အင်တာနက် ပြတ်တောက်’ လို့ သုံးတတ်ကြတယ်။ ပြုခြင်းနဲ့ ဖြစ်ခြင်း (သုဒ္ဓနဲ့ ကာရိုက်)အရကြည့်ရင်လဲ ‘ဖြတ်နဲ့ ပြတ်’ ဟာ ကိုက်ညီမှန်ကန်ပါတယ်။

“ဒါဖြင့် ဖြတ်ခံရတာမဟုတ်ဘဲ သူ့အလိုလိုမလာတာဆိုရင်ရော ပြတ်လို့ရေးရမှာပဲလား။”

“ဟုတ်ပါတယ်။”

တစ်ဦးဦးကမလုပ်ဘဲ အလိုလိုဖြစ်လာတာလဲ ရှိပါတယ်။ ထရန်စဖော်မာပျက်၊ ဓာတ်တိုင်ကျိုး၊ ဓာတ်ကြိုးရှဉ့်ကိုက် စတာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားနိုင်တာမို့ ဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်


Comments