ကျွန်ုပ်လက်ရာ ၁၇၊ သီးသီးကျောက်ကျော


 




ဘုတ်…။

အညာမှာမိုးလယ်ဆိုရင် သီးသီးတွေစကြွေပြီ။ မြေပြင်ပေါ်မှာ ဝါဖြူဖွေးဖွေး အပွေးတက်နေတဲ့ သီးသီး တွေ ပြန့်ကျဲနေတာ။ အင်္ဂလိပ်လိုတော့ Wood Apple ခေါ်တယ်။ သစ်ပန်းသီးပေါ့လေ။ ထန်းလျက်သကြားနဲ့ ခေါက်စား၊ ယိုထိုးစား၊ အစိမ်းအချဉ်ပေါင်းလုပ်စား၊ ရေခဲချောင်းလုပ်စား၊ ကျောက်ကျောလုပ်စား။ အမျိုးမျိုးစား ကြတာပဲ။ သနပ်ခါးနဲ့မျိုးရင်းတူမို့ အပွေးကိုသွေးလိမ်းရင် အသားသိပ်ချောတာ။

မူလသီးသီးကျောက်ကျော ခေါ် သီးသီးဂျယ်လီက ကျောက်ကျောမှုန့် မထည့်ရပါဘူး။ အခုနည်းက တော့ သီးသီးနဲ့သကြား အများကြီးမသုံးဘဲ ကျောက်ကျောမှုန့်နဲ့လုပ်နည်းပါ။ ကျောက်ကျောမှုန့် (၂၅)ဂရမ်ဆို တစ်ကန်လောက်ရပါတယ်။

ပါတဲ့ပစ္စည်းတွေက -

၁၊ သီးသီး

၂၊ ထန်းလျက်

၃၊ ကျောက်ကျောမှုန့်

၄၊ ရေ တို့ပါ။

သီးသီးကောက်ပြီးရင် နှစ်ရက်လောက်တော့ ထားတယ်။ ဒါမှ မှည့်မွှေးလာတာ။ အနှစ်အိပြီး မည်းနက် လာရော။ သီးသီး(၄)လုံးလောက်ကို အချိုစားချင်သလောက် ထန်းလျက်ထည့်ပြုတ်ရတယ်။ မွှေပြုပေးတယ်။ အနှစ်တွေကြေနူးတော့ အစေ့တွေစစ်ချရတယ်။ ဒါဆို သီးသီးပြုတ်ရည်ရပြီ။

ဒီပြုတ်ရည်ထဲကို ကျောက်ကျောမှုန့်ထည့်ရမယ်။ အချိုးပြောပါမယ်။ ရေ(၃)လီတာထက် မပိုပါစေနဲ့ဗျ။ မွှေမွှေပေးရမယ်။ မွှေရင်းမွှေရင်း ခဲလောက်တဲ့အနေအထားကို သိရမယ်။ လုပ်နေကျလူဆို သိပါတယ်။ မလုပ် ဖူးသေးရင် နည်းပြောပါ့မယ်။ ရေစပ်စပ်ထဲကိုအစက်ချကြည့် ခဲရင်ရပြီ။ ဒါဆိုရင် အခဲခံမဲ့ ပန်း၊ ခွက် နှစ်သက်ရာ ထဲ ထည့်ရုံပါပဲ။

ကျောက်ကျောက အေးရင်ခဲပါတယ်။ ကြိုက်သလိုလှီးဖြတ်ပြီး စားရုံပေါ့။ သူ့အရသာက အတော်အအီ ပြေပြီး လန်းဆန်းသွားတာ။ ကျွန်တော်ကတော့ ထမင်းစားပြီးအဆီယစ်ပြီဆို ကျောက်ကျောတုံးလေး ကောက်ဝါးလိုက်တယ်။ လျှော့မတွက်နဲ့နော်။ ဒါ အသေးစားနတ်သုဒ္ဓါဗျ။

 

ကောလိယ ဝေယံမောင်မောင်

၃.၉.၂၀၂၁ 

Comments