ကျွန်ုပ်လက်ရာ ၁၈၊ ငှက်ပျောဖူးဟင်းထုပ်


 



        အမြဲလုပ်ဖြစ်တဲ့စားဖွယ်ထဲမှာ ဟင်းထုပ်ပါပါတယ်။ တစ်ရွာတစ်ပုဒ်ဆန်းသလို ဟင်းထုပ်လုပ်နည်းတွေ မြန်မာပြည်တစ်လွှား ခပ်များများရှိလေရဲ့။ နိုင်ငံထိပ်ဖျား ကချင်ပြည်ကနေ ရှမ်းပြည်၊ အဲဒီကနေ မော်လမြိုင် ငါးပေါင်းထုပ်ထိ တစ်ကျောင်းတစ်ဂါထာ ကွဲပြားကြပါတယ်။

            ဒါ့ကြောင့် ကျွန်တော်လဲ စိတ်ကူးရရင်ရသလို အမယ်တွေအမျိုးမျိုးလုပ်တယ်၊ ပုံစံအမျိုးမျိုးထုပ်တယ်။ အခုတစ်ခါကတော့ ခြံထဲကငှက်ပျောဖူးတွေချိုးလို့ လုပ်စားဖြစ်တာပါ။ ရိုးစင်းပါတယ်။ ဒါပေမဲ့ ဒီရိုးစင်းတဲ့ ဟင်းထုပ်ကို တစ်ဆိုင်နဲ့တစ်ဆိုင် အရသာမတူဘူး။ ဒါ့ကြောင့် လိုက်လုပ်မဲ့သူချင်းလဲ အရသာမတူမှာ သေချာပါ တယ်။

ပါဝင်တဲ့ပစ္စည်းတွေ

၁၊ ငှက်ပျောဖူး

၂၊ ကြက်သွန်မြိတ်

၃၊ ဂျူးမြစ်

၄၊ နံနံပင်

၅၊ ကြက်သွန်မြိတ်

၆၊ ဆန်မှုန့်

၇၊ ဆီ

၈၊ ဆား

၉၊ ရေ

၁၀၊ ငရုတ်သီးအကြမ်းမှုန့်

            ကနဦးအနေနဲ့ ငှက်ပျောရွက်တွေ အရင်ပြင်ဆင်ရပါတယ်။ သန့်ရှင်းရေးလုပ်ပေးရတယ်။ သန့်ပြီးသား အရွက်တွေက အနုဆိုဒီတိုင်းသုံးလို့ရပေမဲ့ အရင့်ဆိုပျော့အောင်လုပ်ထားပါ။ ပြီးရင် ထုပ်မဲ့အရွယ်အစားအတိုင်း လှီးဖြတ်ထားပါ။

            နောက်တစ်ဆင့်က အဆာနယ်ဖို့ပါ။ အခုက အမယ်တစ်မျိုးထဲပါလို့ ကရိကထ မများပါဘူး။ အရင်ဆုံး ငှက်ပျောဖူးကို ရိတ်ရိတ်လှီးပါ။ မမည်းချင်ရင် မမည်းအောင်လုပ်လို့ရတယ်။ ဒါပေမဲ့မထူးဘူး။ တန်းနယ်မှာမို့ ဇလုံထဲထည့်ထားတယ်။ ပြီးရင် ဆန်မှုန့်၊ ဆား၊ ဆီပါရုံနဲ့ ရေထည့်ပြီးနယ်ပါ။ ရေသတိပြုပါ။ အခုမှ စမ်းလုပ်မယ် ဆို ရေနည်းနည်းချင်းစီထည့်ပါ။ ရေများသွားရင် ခွကျပါလိမ့်မယ်။

            မုန့်နှစ်နယ်ဖတ်ပြီးရင် ဖက်လေးတွေပေါ်တင်ပြီးထုပ်ပါ။ ထည့်နည်း အမျိုးမျိုးရှိပါတယ်။ မုန့်ဖက်ထုပ် လို ထုပ်တာ၊ မုန့်ဦးနှောက်လိုထုပ်တာ၊ သွားကြားထိုးတံနဲ့ထိုးတာ စသဖြင့်ပေါ့။ အခုထုပ်နည်းကတော့ ခပ်ရိုးရိုး ပဲ၊ ဘယ်ညာခေါက်သွားတာပါ။

            ဟင်းထုပ်စိမ်းတွေကို ပေါင်းချောင်ထဲစီထည့်ပါ။ အိုးထဲရေထည့်ပြီး ပေါင်းချောင်တင်ပေါင်းပါ။ နာရီ ဝက်လောက်ဆိုရင် ဟင်းထုပ်တွေကျက်ပါပြီ။ ဟင်းထုပ်နဲ့တွဲစားဖို့ကျ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီး အကြမ်းမှုန့်ဆီချက်၊ ကြက်သွန်မြိတ်၊ ဂျူး၊ နံနံပင်တို့နဲ့ အလိုက်ဖက်ဆုံးပါ။ ကဲ… လက်ဆောင်ပို့ဖို့ ထုပ်ပိုးလိုက် အုံးမယ်နော်။ ဒါနဲ့ ပြောရအုံးမယ်။ ရေနွေးကြမ်းပူပူလေးသောက်ပြီးစားရင် သိပ်အရသာရှိတာဗျ၊ သိလား။

 

ကောလိယ ဝေယံမောင်မောင်

 ၁၀.၁၀.၂၀၂၁


Comments