ကောလိယ ဝေယံမောင်မောင်
ဥတုရာသီ၊ အလီလီတို့သည် ရက်များ၍လကြာလျှင် ရွေ့လျားကာပြောင်းလဲလာသည်။ မြန်မာ့ ဆယ့်နှစ်လရာသီတို့ကား နွေ၊ မိုး၊ ဆောင်း ဟူသော ဥတုသုံးပါးဖြင့် တိကျစွာဖြစ်တည်ခဲ့သည်။ ဟေမန်ဆောင်းအကုန် ဂိမှာန်နွေအပြောင်း ရွက်ဟောင်းတွေကြွေ၊ လေရူးတို့တိုက်ချိန်သည် မြန်မာပြက္ခဒိန်၏ နောက်ဆုံးသမယ တပေါင်းလပင်ဖြစ်သည်။ ဆယ့်နှစ်ရာသီတို့အနက် သာလွန်မှုတွင် ထိပ်ခေါင်ဖြစ်ပြီး လအသီးသီး၏ နောင်တော်ကြီးကဲ့သို့ သာပျော်ဖွယ်ရာသီဖြစ်သဖြင့် ‘တပေါင်းသာခေါင် လများနောင်’ ဟူသော မြန်မာဆိုရိုး စကားပေါ်ထွန်းခဲ့သည်။ ထို့ကြောင့် သက္ကတဘာသာ၌ ‘ရိတုရာဇ - ဥတုတို့၏ဘုရင်’ဟု ပြဆိုခဲ့ခြင်းဖြစ်သည်။
![]() |
တပေါင်းလရာသီပန်း - သရဖီပန်း ( |
စာအညီ ရာသီ
တပေါင်းလသည် မြန်မာပြက္ခဒိန်၏ (၁၂)လမြောက် နောက်ဆုံးလဖြစ်သည်။ ရက်စုံလဖြစ်၍ ရက်ပေါင်း(၃၀)ရှိသည်။ ခရစ်ပြက္ခဒိန်နှင့်တွက်လျှင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းကျရောက်သည်။ ပထမလဝက်သည် ဆောင်းရာသီ၌ကျရောက်ပြီး ဒုတိယလဝက်သည် နွေရာသီ၌ကျရောက်သည်။ ထို့ကြောင့် ရာသီပြောင်းလက္ခဏာကို ‘နေ့ပူလို့ညချမ်း တပေါင်းလသရမ်း’ ဟု ဆိုကြသည်။ ရာသီပွဲမှာ သဲပုံစေတီပွဲဖြစ်ပြီး ရာသီပန်းမှာ သရဖီပန်း (Calophyllum Amoenum) ဖြစ်သည်။
ဗေဒင်ပညာအရ တပေါင်းလသည် မိန်ရာသီဖြစ်ပြီး ရာသီရုပ်မှာ ငါးနှစ်ကောင်ရေကူးနေပုံဖြစ်သည်။ ထွန်းသောနက္ခတ်တို့မှာ ပြုဗ္ဗာဖလဂုဏီ ၊ ဥတ္တရဇလဂုဏီ နှင့် ဟဿတ တို့ဖြစ်သည်။ ပြုဗ္ဗာဖလဂုဏီ နက္ခတ် နှင့် ဥတ္တရဖလဂုဏီနက္ခတ် တို့သည် ချိန်တာရာတွင်ပါဝင်၍ ဟဿတနက္ခတ်သည် ဆံကျင်တာရာတွင် ပါဝင်သည်။ ဥတ္တရဖလဂုဏီနက္ခတ်မှာ လပြည့်စန်းယှဉ်ဖြစ်သည်။ တပေါင်းလ၏ နေထွက်ချိန်သည် နံနက်(၆)နာရီ၊ (၂၄)မိနစ်ဖြစ်ပြီး၊ နေဝင်ချိန်မှာညနေ(၅)နာရီ၊ (၃၆)မိနစ် တို့ဖြစ်သဖြင့် တပို့တွဲလထက် (၂၄) မိနစ်စောခြင်း၊ နောက်ကျခြင်းတို့ဖြင့် နေထွက်၊ နေဝင်သည်။ နေ့နာရီ(၂၈)၊ ညဉ့်နာရီ(၃၂) ရှိသည်။
တပေါင်းဟူသော ဝေါဟာရ
တပေါင်းဟူသောစကားလုံးကို ပုဂံခေတ်ကျောက်စာတို့တွင် ‘တပေါင်း’ ဟုပင် ရေးထိုးသည်။ ဝိသဇ္ဇနီရေးထုံး ပေါ်ပေါက်လာသော အင်းဝခေတ်တွင်လည်း ‘တပေါင်း’ ဟုသာရေးထိုးသည်။ တပေါင်းလ အဓိပ္ပာယ်ကို ‘ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ၊ ပူပန်ခြင်းပြင်းထန်သောလ’ စသည်ဖြင့် ဖွင့်ဆိုသည်။ နွေဦးထန်းရည်များပေါင်းစပ်ကျိုချက်ခြင်းဟူသော ‘ထန်းပေါင်း’ သည့်လကိုခေါ်ဆိုခြင်းမှ ‘တပေါင်း’ဖြစ်သည်ဟု ဆိုသူများသည်။ အချို့က နက္ခတ်(၁၂)လုံးပေါ်ထွန်း၍ တပေါင်းလ ခေါ်သည်ဆိုသည်။ ဝေါဟာရလိနတ္တနီကျမ်း ၌မူ တပေါင်းလကို အဓိပ္ပာယ်နှစ်မျိုးဖွင့်ဆိုသည်။
![]() |
သဲပုံစေတီ |
သဲပုံစေတီပွဲသမိုင်း
သဲပုံစေတီပွဲမှာ ဗုဒ္ဓဝင်မှ ဖြစ်တည်ဆင်းသက်လာသည်။ ဂေါတမဘုရားရှင် လက်ထက်က ပုလိနထူပိယဟူသော အသက်(၇)နှစ်အရွယ် ရဟန္တာတစ်ပါးရှိခဲ့သည်။ ထိုရဟန္တာသည် မိမိရှေးရှေးဘ၀အကြောင်း မိန့်ကြားသည်။ သူသည် ဘုရားမပွင့်မီကြားကာလက ဟိမဝန္တာရှိ ယမကတောင်အနီး၌ သစ်ရွက်မိုးကျောင်းဖြင့် သီတင်းသုံးနေထိုင်သော နာရဒရသေ့ဖြစ်ခဲ့သည်။ အကျင့်သီလနှင့်ပြည့်စုံသဖြင့် တပည့်ပရိသတ် (၁၄၀,၀၀) ခန့် ရိုသေ ဆည်းကပ်ကြသည်။ တပည့်များစွာ၏ဆည်းကပ်ခံရသူဖြစ်သော်လည်း
‘ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။
လောကေ - လောက၌၊ ယဒိဒံ - အဂရုဝါသော -
အလေးအမြတ်ကိုးကွယ်ရာဆရာ ကင်းနေရခြင်းသည်၊ အတ္ထိ - ရှိ၏။ အယံ - ဤအလေးအမြတ်ကိုးကွယ်ရာဆရာ ကင်း၍နေရခြင်းသည်၊ မေ - ငါ့အား၊ ဒုက္ခော - ဆင်းရဲစွတကား။’
ဟု မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သည်။
ထို့ကြောင့် တစ်နေ့တွင် ယမကတောင်အနီးရှိ အမရိကမြစ်သဲသောင်ပြင်သို့ ကြွရောက်သည်။ ဘုရားရှင်ကိုရည်မှန်းပြီး သန့်စင်လှသောသဲများဖြင့်စေတီပြုလုပ်ပူဇော်သည်။ ရှေးကပွင့်တော်မူခဲ့ကြသည့် ဘုရားရှင်တို့၏ စေတီပုထိုးတို့သည်လည်း ဤသဲပုံနှယ်ဖြစ်မည်ဟုဆင်ခြင်မိသည်။ ဘုရားရှင်တို့ အပေါ်သဒ္ဓါတရား ထက်သန်လွန်းလှ၍ သူ၏တန်ခိုးဖြင့် ရွှေပန်းခိုင်များဖန်ဆင်းကာ မနက်တစ်ထောင်၊ နေ့လယ်တစ်ထောင်၊ ညတစ်ထောင် တစ်နေ့သုံးထောင်ကျ ပူဇော်သည်။ ထို့ကုသိုလ်ကြောင့် နာရဒရသေ့မှာ ယခုဂေါတမဘုရားရှင် လက်ထက်တွင် အသက်(၇)နှစ်အရွယ်ဖြင့် ရဟန္တာဖြစ်လာသည်။ ‘ပုလိန’ ခေါ်သော သဲများကို ‘ထူပ’ မောက်မို့ အောင်ဖန်တီးပူဇော်သဖြင့် ‘သဲများကို စေတီအဖြစ်ပူဇော်သူ - ပုလိနထူပိယ’ ဟုတွင်သည်။ ‘ပုလိနစေတိယ’ ဟု လည်းခေါ်နိုင်သည်။
‘သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊ သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။
အဟံ - နာရဒမည်သောငါရသေ့သည်၊ ပုလိနစေတိယံ - ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ - မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံဝိယ - သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော - ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ - ညဉ့်နံနက်၊ ကတဉ္ဖလိ - ချီအပ်သောလက်အုပ် ရှိသည်ဖြစ်၍၊ နမဿာမိ - ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။’
ဟု ထေရဂါထာအဋ္ဌကထာတွင် ဖော်ပြထားသည်။
![]() |
ကျွန်တော်မှတ်တမ်းတင်ဖူးသော လက်ပံပွင့်ချိန် မိန်ရာသီ (၂၀၁၆) |
မြန်မာပြည်နှင့်သဲပုံစေတီ
တပေါင်းလသည် မြစ်တွင်းတို့ရေကျ၍ သဲသောင်ခုံဖြူလွှတို့ ထွန်းပေါ်သည်။ ထိုကာလ၌ ဗုဒ္ဓဘာသာ ရိုသေဆည်းကပ်သော မြန်မာနိုင်ငံသူနိုင်ငံသားအစဉ်အဆက် သဲဖြင့်စေတီတည်ကာ ပူဇော်ခဲ့ကြသည်။ ရှေးဘုရင်များသည်လည်း ဦးဆောင်ပါဝင်ကျင်းပပြီး သဲပုံစေတီပွဲကို တပေါင်းလပွဲတော်အဖြစ်ကျင်းပခဲ့ကြသည်။ သို့သော် မင်းနေပြည်တော်ဖြစ်ခဲ့သော မန္တလေးရွှေမြို့တော်ကဲ့သို့ မြို့များမှအပ တပေါင်းလ၏ သဲပုံစေတီပွဲ ကွယ်ပသွားခဲ့ပြီဖြစ်သည်။
၎င်းအစား တပေါင်းပွဲတော်ဟူသော ဘုရားပွဲအချို့နှင့် ထေရဝါဒနှင့်လုံးဝကွဲလွဲ ဆန့်ကျင်သော နတ်ပွဲ များသာကျင်းပလာခဲ့ကြသည်။ ဘုရားပွဲတော်များအနက် ရွှေတိဂုံဘုရား တပေါင်းပွဲနှင့် မန္တလေးရွှေစာရံ ဘုရားပွဲတော်တို့မှာ တပေါင်းလ၏ ဝိသေသတစ်ချို့ဖြစ်သည်။ သဲပုံစေတီပွဲကို အချို့ပညာရှင်များက မြန်မာနေ ယိုးဒယားတို့ဓလေ့မှ ဆင်းသက်ခဲ့သည်ဟု သုံးသပ်ကြသည်။
![]() |
မန္တလေးရွှေစာရံဘုရားပွဲမှ ထန်းရွက်ပုတီးနှင့် အနုလက်ရာများ |
သဲပုံစေတီပူဇော်ရခြင်းအကျိုး
သဲပုံစေတီ တည်ထားပူဇော်ရခြင်းအကျိုးကို အပါဒါန်ပါဠိ(၁)၊ စာမျက်နှာ(၈၉)၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
‘ထူပဿ ပရိစိဏ်ဏတ်တာ၊ ရဇောဇလ်လံ န လိမ်ပတိ။
ဂတ်တေ သဒေါ န မုစ်စ န်တိ ၊ သပဘာသော ဘဝါမဟံ။’
သဲပုံစေတီကို လေးမြတ်စွာဇော်ခဲ့၍ ငါ၏ခန္ဓာကိုယ်တွင် ဖုန်၊ ကြေးညော်တို့ ကပ်ငြိခြင်းမရှိ။ နံစော် ပူအိုက်သောချွေးတို့လည်း မည်သည့်အခါမှမထွက်။ သံသရာတွင် အဆင်းပြောင်ဝင်းလှပစွာ ကျင်လည်ခဲ့ရ၏။’
ဘုရားဓာတ်တော်၊ မွေတော်များကို ထည့်သွင်းပူဇော်ထားသည်ကို ‘ထူပ’ ဟုခေါ်သည်။ ပူဇော်ထိုက် သောအရာကို ‘စေတိယ’ (စေတီ)ဟုခေါ်သည်။ ထို့ကြောင့် စေတိယ (ခ) စေတီတိုင်းသည် ထူပမဟုတ်ပေ။ သို့သော် ခြွင်းချက်အနေဖြင့် ဓာတ်တော်မပါသော သဲပုံစေတီကို ‘ပုလိနထူပ’ ဟုခေါ်သည်။
ကိုးကွယ်ထိုက်သောအရာ (စေတီ) ငါးမျိုးရှိပြီး ယင်း၌ သဲပုံစေတီလည်းပါဝင်သည်။
၁၊ ဓာတုစေတီ
ဗုဒ္ဓဓာတ်တော်များ တည်ထားကိုးကွယ်ခြင်း
၂၊ ဓမ္မစေတီ
ဗုဒ္ဓ၏ တရားဓမ္မပိဋကတ်တော်များကို ကိုးကွယ်ခြင်း
၃၊ ဥဒ္ဒိဿစေတီ
သက်တော်ထင်ရှားဘုရားကဲ့သို့ ရည်မှန်းကိုးကွယ်ခြင်း
၄၊ ပရိဘောဂစေတီ
ဗုဒ္ဓအသုံးအဆောင်ပရိက္ခရာ စသည်ကိုကိုးကွယ်ခြင်း
၅၊ ပါဒစေတီ
ဘုရားခြေတော်ရာကို ကိုးကွယ်ခြင်း
![]() |
ကပိလဝတ်ရောက် ဘုရားရှင်ကို သားတော်ရာဟုလာ အမွေတောင်းပုံ |
ဂေါတမဘုရားရှင် ပြည်တော်ဝင်နေ့
ဘုရားရှင်က ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံး၍ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ပရိသတ်များအား တရားဟောတော်မူသည်။ ထိုအကြောင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားလျှင် (၇)နှစ်တာ ခွဲခွာ နေရသော သားတော် ဘုရားရှင်ကိုဖူးတွေ့လို၍ ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူရန် အမတ် တစ်ယောက်အား အခြွေအရံတစ်ထောင်နှင့် စေလွှတ်လျှောက်ထားစေသည်။ ဘုရားရှင်ထံရောက်သော အမတ်နှင့် အခြွေအရံတစ်ထောင်တို့ တရားတော်နာပြီး ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးလည်း နောက် ကိုးကြိမ်တိုင် ဘုရားရှင်ပင့်စေလွှတ်သော်လည်း အမတ်နှင့်အခြွှေအရံအားလုံး ရဟန်းသာပြုကြကုန်သည်။
ဆယ်ကြိမ်မြောက်၌ ဘုရားရှင်နှင့်ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ဦးဆောင်သည့် အဖွဲ့ကို စေသည်။ ကာဠုဒါယီအမတ်နှင့် အဖွဲ့သည်လည်း ရဟန်းပြုပြန်သည်။ ထိုအချိန်သည် ရာသီတို့အနက် အလှပ ဆုံး တပေါင်းလအခါဖြစ်၍ ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူရန် တပေါင်းအလှအကြောင်း၊ ဖခင်မင်း ကြီးစောင့်မျှော်နေကြောင်း ဂါထာပေါင်း (၆၄)ခုဖြင့် ဖွဲ့ဆိုလျှောက်ထားသည်။ ဘုရားရှင်လည်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက်နေ့၌ ရဟန္တာ(၂)သောင်း ခြံရံလျက် ရာဇဂြိုဟ်မြို့မှ ယူဇနာပေါင်း (၆၀)ကွာဝေးသော ကပိလဝတ်နေပြည်တော်သို့ ကြွချီတော်မူခဲ့သည်။
ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ကြွရောက်ပြီး ဗုဒ္ဓဘာသာ၏မှတ်တိုင်များဖြစ်လာခဲ့သည်။
‣ နိဂြောဓာရုံကျောင်းကြီးပေါ်ပေါက်လာသည်။
‣ သာကီဝင်မင်းမျိုးတို့ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝဿမိုးကို ရွာသွန်းစေခဲ့သည်။
‣ ဂါထာ(၁၀၀၀)ဖြင့် တန်ဆာဆင်အပ်သောဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
‣ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မဟာဓမ္မပါလဇာတ်တော်ကြီး ကြားနာ၍အနာဂါမ်တည်ပြီး အရဟတ္တဖိုလ် ဆိုက်သွားသည်။
‣ မိထွေးတော်ဂေါတမီ သောတာပန်တည်ပြီး နောင်တွင် ဘိက္ခူနီသာသနာတည်ထောင်ခွင့်ကြုံသည်။
‣ ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဟောတော်မူသည်။
‣ ညီတော်လည်းဖြစ် ဇနပဒကလျာဏီ၏ ကြင်ယာတော်လည်းဖြစ်သော နန္ဒမင်းသား ရဟန်းဖြစ်သည်။
‣ သားတော်ရာဟုလာ သာမဏေဘဝရောက်သည်။
‣ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဘောင်ရောက်သည်။
‣ နန္ဒမင်းသား ရဟန်းဖြစ်သည်။
‣ ဆွေတော်မျိုးတော်တို့ ဘုရားရှင်အားကြည်ညိုရန်ဆောင်ရွက်ရာ၌ အထူးအောင်မြင်၍ ကာဠုဒါယီ မထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူသည်။
‣ အရှင်သာရိပုတ္တရာ လျှောက်ထားသဖြင့် ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူသည်။
![]() |
ယနေ့တိုင်ကြွင်းကျန်သော ကပိလဝတ်နေပြည်တော် အနောက်တံခါး |
တပေါင်းလပြည့် အဖေနေ့
တပေါင်းလ၌ ဂေါတမဘုရားရှင် ကပိလဝတ်နေပြည်တော်ကြွချီ၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို မဟာဓမ္မပါလ ဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။ သားတော်ဟောကြားသည့် တရားတော်ကို နာကြားရသဖြင့် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်သည်။ ထို့နောက် အရတ္တဖိုလ်ဆိုက်သွားခဲ့သည်။ အနာဂါမ်ဆိုသည်မှာ ကာမရာဂခေါ်သော တဏှာ၊ လောဘနှင့် ဒေါသတရားများ အကြွင်းမဲ့ ပယ်ပျောက်သွားသူ ဖြစ်သည်။ လူ့ဘုံတွင် နောက်တစ်ကြိမ်ပြန်၍ ပဋိသန္ဓေမတည်ရတော့ဘဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်သည်။ အချို့အနာဂါမ်များမှာ ဗြဟ္မာဘုံ(၂၀)မှ ရူပဘုံ၊ အရူပဘုံတို့တွင် ပဋိသန္ဓေတည်ပြီးမှ ပရိနိဗ္ဗာန်စံဝင်သည်။
ဘုရားရှင်က ဤတပေါင်းလပြည့်၌ ဖခင်ဖြစ်သူကို မြတ်နိဗ္ဗာန်ကိုပို့ဆောင်ပေးသည့် တရားတော် ဟောကြားတော်မူခဲ့သဖြင့် မျက်မှောက်ခေတ်တွင် တပေါင်းလပြည့်ကို အဖေနေ့ဟုသတ်မှတ်သည်။ (အချို့က အဖေ့နေ့၊ အဖေများနေ့ဟု အရေးလွဲကြသည်။) မန္တလေးမြို့တွင် (၂၀၀၈)ခုနှစ်မှစတင်၍ အဖေနေ့ အခမ်းအနား၊ စာပေဟောပြောပွဲနှင့် ကဗျာ၊ ဝတ္ထုပြိုင်ပွဲကျင်းပသည်။
| ပုဂံမြို့ ဧရာဝတီမြစ်ကမ်းဘေး သဲပုံစေတီနှင့်ကျွန်တော် |
မြန်မာစာပေမှ တပေါင်းလ
'အင်းဝခေတ် ရဟန်းစာဆို
ရှင်ဥတ္တမကျော်၏တောလား'
လေခမြေသက် ၊ ဈာန်ဝိတက်သို့ ၊သစ်ရွက်ယော်ယီ ၊ ဣန္ဒနီဝယ် ၊ သိင်္ဂီတစ်ဝက်
ဖက်၍ဆေးစုံ ၊ ခြယ်သောပုံသို့ ၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား’
'မဟာအတုလမင်းကြီး၏
ဆယ့်နှစ်လရာသီဖွဲ့'
ကိုတံငါလည်း၊ ဘာသာသောင်ခွင်၊ ပျော်မြူးသာရွှင်တော့တယ်၊
သဘင်လခါမီဝယ် ၊ သဲစေတီငွေသောင်ကမ်းရယ်က ၊ လွမ်းလှတယ်လေး။
'ဦးကြင်ဥ'
ရှစ်ခွင်တိုင်း
မှုန်မှိုင်းတဲ့ပတ်လည်။
သဇင်ကြွင်းငယ်နှင့်
အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။
ဘမရာရွှေပိတုန်းငယ်တို့
ချွေသုံးကြဝတ်ရည် ၊ ဆွတ်ကြည်ဖွယ့်ဖော်ကွဲ။
ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ ၊ ဉာဏ်မခိုင်ဈာန်ယိုင်လျောရတယ်
ရာသီတွင် စာညီပြောပေပ ၊ ကြော၍သာမြဲ။
![]() |
တော်ဝင်ဆွေမျိုးများကို တန်ခိုးပြ၍ပေါက္ခရဝဿမိုးရွာတော်မူစေပုံ |
နှစ်ဟောင်းကုန်ညောင်း နှစ်သစ်ပြောင်းတော့မည်ဆိုလျှင် လတပေါင်း၏အလှကို ခံစားရမည်ဖြစ်၏။ ဝန်းကျင်ဘာဝ လှပသော တပေါင်းလသည်ကား ဘုရားရှင်၏ဒေသစာရီခရီးကိုပင် ဖြစ်စေခဲ့သည်။ သဲသာသောင်မြေတို့ ဖြူလွှလွှ၊ လေရူးတို့ဆော်သော အခါသမယ၊ မိန်ရာသီ၏အစ၊ မြန်မာတို့၏ တပေါင်းလ၌ စင်ကြယ်သောသဒ္ဓါတရားဖြင့် စည်ကားသော တပေါင်းပွဲတော်ကျင်းပစေနိုင်ကြောင်း ဆုမွန်တောင်း လိုက်ရပေသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၈၊ မတ်လ
#ကောလိယဝေယံမောင်မောင်
#တပေါင်း #သဲပုံစေတီ #ရွှေစာရံ
#ထန်းရွက်ပုတီး #ကပိလဝတ် #အဖေနေ့









Comments
Post a Comment