၄၂၊ ပျက်၊ ပျတ်၊ ပျပ်၊ ပြက်၊ ပြတ် / မီးပျက် ရေးရင်မှား၊ မီးပြတ် ရေးမှမှန်

 

        ‘ပျက်၊ ပျတ်၊ ပျပ်၊ ပြက်၊ ပြတ်’ အသံချင်းနီးပေမဲ့ အနက်ချင်းခြားပါတယ်။ ဒါ့ကြောင့် ရောထွေးပြီး မှားရေးမိတတ်ကြတယ်။ ဥပမာ ‘မီးပြတ်’ ကို ‘မီးပျက်’ လို့ရေးမိတာမျိုးပါ။ မရောထွေးရအောင် တစ်လုံးစီကို ရှင်းလင်းပါမယ်။

 

ပျက်

            ပျက်စီးတာကို အဓိကဆိုလိုတာပါ။ ‘စက်ပျက်တယ်၊ စုတ်ပျက်တယ်’ စသည်။ သူ့အလိုလိုပျက်တာ ရှိသလို။ ဖျက်လို့ပျက်တာလဲ ရှိပါတယ်။ ဒါကို ပြုခြင်း (ကတ္ထုကြိယာ)နဲ့ ဖြစ်ခြင်း (ဘာဝကြိယာ) လို့ခေါ်ပါတယ်။ ဒီကြိယာနှစ်ခုကို သုဒ္ဓနဲ့ ကာရိုက်လို့လဲ ခေါ်တတ်ပါတယ်။ ဥပမာ -

- ဖျက်တာနဲ့ ပျက်တာ။ (ပစ္စည်းပျက်၊ ခဲဖျက်)

- ဖျက်ဆီးတာနဲ့ ပျက်စီးတာ။ (အကျင့်ပျက်)

- ဖျက်ချတာနဲ့ ပျက်ကျတာ။ (ရဟတ်ယာဉ်ပျက်၊ ကိုယ်ဝန်ပျက်)

            မီးကိုကျ ‘ပျက်’ နဲ့တွဲလေ့မရှိပါဘူး။ ဥပမာ မီးပျက်ကျေ၊ မီးပျက်စီး၊ မီးပျက်ပြား၊ မီးပျက်ပြယ် ဆိုတဲ့ စကားမျိုး မရှိပါဘူး။

 

ပျတ်

            ‘ပျတ်’ ဆိုတာ အသံစွဲစာလုံးပါ။ အစာစားတဲ့အခါ ‘ပျတ်ပျတ်မြည်အောင် မစားရဘူး’ လို့ ယဉ်ကျေးမှုမှာ ပြောကြတယ်။ ဒါကို သတ်ပုံအရ ‘ပျတ်’ လို့ရေးပါတယ်။

 

ပျပ်

            နိမ့်တာ၊ ပုတာ ကိုဆိုလိုပါတယ်။ ဥပမာ - အရပ်ပုပျပ်ပျပ်နဲ့ ဂျပု။

 

ပြက်

            ‘ပြက်’ အဓိပ္ပာယ် အမျိုးမျိုးရှိပါတယ်။

၁၊ ထွန်းလင်းတာ (ပြိုးပြိုးပြက်ပြက်)

၂၊ ထင်ရှားတာ (ပြက်ပြက်ထင်ထင်)

၃၊ သင့်ရုံထည့်တာ (ရေသည်ပြဇာတ်ထဲမှာပါတဲ့ ဆန်ပြက်သိကာ)

၄၊ ရယ်စရာကိစ္စ (ပြက်လုံး၊ လူပြက်)

၅၊ ပေါ့ပေါ့တန်တန် (ပြက်တီးပြက်ချော်၊ အပြောင်အပြက်)

 

ပြတ်

            ‘ပြတ်’ အဓိပ္ပာယ် အမျိုးမျိုးရှိပေမဲ့ လိုရင်းကတော့ ‘ပြတ်တောက်တာ’ ဖြစ်ပါတယ်။ ‘ရုပ်သံလိုင်း ပြတ်တောက်တယ်၊ ရိက္ခာပြတ်လပ်တယ်’ စသဖြင့်သုံးပါတယ်။ ဒီနေရာမှာလဲ ပြုခြင်း (ကတ္ထုကြိယာ)နဲ့ ဖြစ်ခြင်း (ဘာဝကြိယာ) တို့ရှိတတ်တယ်။ ဥပမာ -

- ဖြတ်ချတာနဲ့ ပြတ်ကျတာ။ (သစ်ကိုင်းဖြတ်၊ သစ်ကိုင်းပြတ်)

- ရေဖြတ်တာနဲ့ ရေပြတ်တာ။

- မီးဖြတ်တာနဲ့ မီးပြတ်တာ။

- အင်တာနက်ဖြတ်တာနဲ့ အင်တာနက်ပြတ်တာ။

            ဒါ့ကြောင့် ထုတ်ပြန်ကြေညာချက်တွေမှာ ‘ဓာတ်အားပြတ်တောက်၊ ရေပြတ်တောက်၊ အင်တာနက် ပြတ်တောက်’ လို့ သုံးတတ်ကြတယ်။ အနှစ်ချုပ်ရရင် မီးပျက်မဟုတ်ဘဲ၊ မီးပြတ်လို့ ရေးရမှာဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်


Comments