ကျွန်ုပ်လက်ရာ ၁၃၊ ညွန့်ပွင့်သီးရွက်စုံဟင်းချို၊ ငရုတ်သီးထောင်း


 







နိစ္စဒူဝချက်ပြုတ်ပေမဲ့ ‘ကျွန်ုပ်လက်ရာ’ မရေးဖြစ်တာကြာပါပြီ။ ရောဂန္တရကပ် ဆိုက်နေချိန်ဆိုတော့ တောင်ခြေမှာရှိတဲ့ ကိုယ့်ခြံထွက်သီးနှံတွေကိုပဲ သည်းသည်းမည်းမည်း ခူးဆွတ်ချက်ပြုတ်တာ ပိုများပါတယ်။ ဝသန်ရာသီဖြစ်တာမို့ မိုးလေးနည်းနည်း မညိုလိုက်နဲ့၊ ညိုလိုက်တာနဲ့အညွန့်အတက်၊ အစို့အညှောက်တွေက အပြိုင်အဆိုင် ထွက်လာတော့တာ။ ဖြိုင်ဖြိုင်သာရွာလိုက်ရင် နွယ်ပင်ဆို ရုံကြီးဖြစ်၊ ခြုံပင်ဆို အုံကြီးဖြစ်၊ သစ်ပင်ဆို စုံကြီးဖြစ်ကုန်ရော။ ဒါ့ကြောင့် ငယ်ငယ်ကတည်းက မိုးရာသီဆိုရင် ခြံဓလေ့မှာ မွေ့လျော်ခဲ့တာ။

ဒီတစ်ပတ်တော့ အညွန့်စုံ၊ အရွက်စုံ၊ အပွင့်စုံခူးပြီး ဟင်းချိုလုပ်တယ်။ ရွှေအပ်ငရုတ်သီးနီနီခူးပြီး ထောင်းပါတယ်။ အညွန့်တွေ၊ အရွက်တွေ၊ အပွင့်တွေကတော့ -

၁၊ ဆူးပုပ်

၂၊ ဂင်ပိတ် (နွယ်တစ်မျိုး)

၃၊ ပဲလိပ်ပြာ ခေါ် အောင်မဲညိုရွက်

၄၊ အောင်မဲဖြူပန်း

၅၊ ခရမ်းကစော့သီး (မျိုးဖျက်ခရမ်းလို့ သမုတ်ကြသေး)

၆၊ ဒန့်သလွန်

၇၊ ရွှေဖရုံညွန့်၊ ရွှေဖရုံပန်း

၈၊ ကျောက်ဖရုံညွန့်၊ ကျောက်ဖရုံပန်း

၉၊ ပီလော (ကဗျာထဲက ခရု၊ ပီလော ရောနှော၍လွယ်…)

၁၀၊ ကင်းပုံ

၁၁၊ ပြည်ပန်းညို

၁၂၊ ဂျာဗားဂျင်ဆင်း (ဂျင်ဆင်းပင်လို့ အလွယ်ခေါ်ကြ)

၁၃၊ ဘူးညွန့်

၁၄၊ ရွှေအပ်ငရုတ်သီး တို့ပါ။

ဟင်းချိုချက်မယ် -

အရွက်တွေအကုန်သင်လိုက်ပါတယ်။ မိုးရွာပြီးစဆိုတော့ အပင်တွေမှာ ဖုန်တစ်စက်မရှိသလို ပိုးသတ် ဆေးသုံးတဲ့ခြံလဲမဟုတ်တော့ ရေမဆေးပါဘူး။ ဘိလပ်ပြည်၊ ဝင်ချက်စတာမြို့က သဘာဝ ဘလူးဘယ်ရီသီး စိုက်တဲ့လူတစ်ယောက်ဆို သူ့အသီးတွေခူးပြီး ရေမဆေးဘဲစားဖို့ အမြဲတိုက်တွန်းသတဲ့။ ဟင်းချိုချက်ဖို့ ရေပွက်ပွက်ဆူအောင် အရင်တည်ထားလိုက်တယ်။ ဆူလဲဆူရော ဗမာကြက်သွန်ဖြူကို စဉ့်တီတုံးပေါ်တင်၊ ဓားပြားနဲ့ရိုက်ချပြီး ခပ်လိုက်တယ်။ ရေနွေးငွေ့ထောင်းထောင်းထလို့ ကြက်သွန်ဖြူသင်းသင်းမွှေးတော့ ခရမ်းကစော့နုနုလေး အညှာခြွေထည့်ပြီး အဖုံးခဏအုပ်ထားလိုက်တယ်။

မကြာပါဘူး။ တစ်မိနစ်လောက်နေတော့ အပွင့်ကလွဲရင် အရွက်တွေအကုန်ထည့်ပြီး ချက်ချင်းပြန်အုပ် ပါတယ်။ အသီးအရွက်တွေကြော်ချက်ရင် ဗိုက်တာမင်တွေ အငွေ့ပျံတတ်လို့ တတ်နိုင်သရွေ့အုပ်ထားတာပါ။ အရွက်လေးတွေလဲ စားနိုင်လောက်အောင် နူးပြီဆိုတော့ ဆားနည်းနည်းခပ်ပြီး အောင်မဲဖြူပွင့်နဲ့ ရွှေဖရုံပွင့်လေး တွေထည့်ပြီး ချလိုက်ပါတယ်။

ငရုတ်သီးထောင်းမယ် -

ငရုတ်သီးစားလို့ ဗိုက်မနာချင်ရင် ငရုတ်သီးကို လှော်ပြီးဖုတ်ပြီးမှ ထောင်းရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဗိုက်နာလေ့မရှိတာက တစ်ကြောင်း၊ လတ်လတ်ဆတ်ဆတ်စားချင်တာက တစ်ကြောင်းကြောင့် အစိမ်းထောင်း ဖြစ်ပါတယ်။ ငရုတ်သီးနီနီအညှာခြွေ၊ ကြက်သွန်ဖြူအမြွှာလေးတွေ အခွံသင်ပြီး ဆုံထဲထည့်ပါတယ်။ အပေါ်က ဆားဖြူးပြီးထောင်းရင် ငရုတ်သီးဖတ် မျက်လုံးစင်ချင်ရင်တောင် မစင်တော့ဘူးပေါ့။ ထောင်းပြီးခွက်ထဲထည့် အပေါ်ကနေ သံပရာသီးလတ်လတ်ဆတ်ဆတ် ရွှဲနေအောင် ညှစ်လိုက်ပါတယ်။

ဒီနေ့ဟင်းကတော့ ဘုရားပေးပေး၊ ကျမ်းပေးပေး ဆိတ်သားဟင်းမှ ဆိတ်သားဟင်းစစ်စစ်ပါ။ ဟုတ်တယ်လေဗျာ အရွက်တွေဆိတ်ပြီး ချက်တာကိုး။

 

ကောလိယ ဝေယံမောင်မောင်

၅.၉.၂၀၂၁


#ကျွန်ုပ်လက်ရာ


Comments