၄၀၊ ဖျက်၊ ဖျတ်၊ ဖျပ်၊ ဖြတ်

 

   

        အသံထွက်နီးစပ်တဲ့ (၄)လုံးဆိုတော့ တစ်လုံးတည်းရွတ်ပြရင် ဘာကိုဆိုလိုလဲ တန်းပြီးမသိနိုင်ပါဘူး။ ဒါပေမဲ့ ရေးတဲ့အခါကျရင်တော့ အဓိပ္ပာယ်သိနိုင်ပါတယ်။ တစ်ခုရှိတာက ဒီ(၄)လုံးကို တခြားစကားလုံးနဲ့ တွဲစပ် ရေးမယ်ဆိုရင် မှားတတ်ပါတယ်။ ဥပမာ ‘ဖျက်ဆီး’ ကို ‘ဖြတ်ဆီး’ လို့ရေးရင်မှားမယ်။ ‘ဖြတ်တောက်’ ကို ‘ဖျက်တောက်’ လို့ရေးရင် မှားပါမယ်။

 

ဖျက်

            အဓိပ္ပာယ်(၄)မျိုးရှိပါတယ်။

၁၊ မူလအခြေအနေ ပျက်စီးအောင်လုပ်တာ

၂၊ စွဲထင်နေတာကို ကွယ်ပျောက်အောင်လုပ်တာ

၃၊ အမဲဖျက်တာ

၄၊ အကြွေလဲတာ (တစ်သောင်းတန်ကိုဖျက်)

‘ဖျက်ဆီး၊ ဖျက်လိုဖျက်ဆီး၊ ဖျက်သင်္ဘော၊ ဖျက်သိမ်း’ စသဖြင့်ရေးပါတယ်။

 

ဖျတ်

            ‘သွက်လက်’ တာကိုပြောတာပါ။ ‘ဖျတ်လတ်၊ သွက်လက်ဖျတ်လတ်’ စသဖြင့်သုံးပါတယ်။

 

ဖျပ်

            ‘ဣန္ဒြေမဲ့ပြုမူလှုပ်ရှား’ တာကိုပြောတာပါ။ ‘ဖျပ်ဖျပ်လူး၊ တီကောင်ဆားပက် ငါးရံ့ပြာလူး ဖျပ်ဖျပ်လူး’ ဆိုတာမျိုးပေါ့။

 

ဖြတ်

            အဓိပ္ပာယ်(၄)မျိုးရှိပါတယ်။

၁၊ ဓားနဲ့ဖြတ်တာ

၂၊ အဆက်အသွယ်ဖြတ်တာ

၃၊ ကျော်ဖြတ်တာ

၄၊ နုတ်ယူဖြတ်တောက်တာ

            ‘ဖြတ်စာ၊ ဖြတ်စာချ၊ ဖြတ်စားလျှပ်စား၊ ဖြတ်တောက်၊ ဖြတ်တမ်းစာ၊ ဖြတ်ထိုးဉာဏ်၊ ဖြတ်ထုံး၊ ဖြတ်နှုန်း၊ ဖြတ်လမ်း၊ ဖြတ်သန်း’ စသဖြင့်ရှိပါတယ်။

 


Comments