ကျွန်ုပ်လက်ရာ ၁၆၊ စောင်ချမ်းချဉ်

 





စောင်ချမ်းချဉ်...

အသံထွက်တော့ ဇောင်ဂျမ်းဂျင်ပေါ့။ အညာရဲ့ အရသာရှိဟင်းတစ်ခွက်။ အသားဟင်းနဲ့ မလဲနိုင်ဘူး။ အကြေမှာ ပုစွန်ချဉ်စားသလို၊ အညာမှာ စောင်ချမ်းချဉ်စားကြတယ်။ သွေးမတက်တဲ့ပြင် ဆေးဘက်ဝင်တယ်။ တန်ခူး၊ ကဆုန်မှ သီးကြတာမို့ တစ်နှစ်တစ်ခါရာသီစာပါ။

ကျွန်တော်တို့ခြံထဲက စောင်ချမ်းပင်ကြီးဆိုရင် ကျွန်တော့်ထက်အသက်ကြီးလေရဲ့။ အမြဲတမ်း စိမ်းမြ နေပြီး အပွေးတွေ အမြှောင်းလိုက်ထင်းနေတာ။ သီးပြီဆိုရင် ဆီးသီးအရွယ်လောက် စိမ်းတိမ်းတိမ်း အလုံးတွေ ဟိုဟိုဒီဒီ ထိုးထွက်နေရော။ အသီးနုစဉ်မှာ ခဲငွေရောင်သမ်းပြီး ရင့်လို့စိမ်းသွားရင် အချဉ်သိပ်ဖို့အသင့်။ တချို့က စောင်ချမ်းသီးမရရင် ဂျပ်သီးတို့၊ မဏိသံလျက်သီး (နမဏီသံလျက်သီး)တို့ ထည့်တတ်တယ်။

ဝါးတံချူယူပြီး အသီးတွေကို စိုးခနဲ၊ ဆတ်ခနဲ ဆွဲချလိုက်တယ်။ လောက်စာလုံးပစ်သလို တဖြုတ်ဖြုတ် ကျလာတော့ တူမဖြစ်သူက ဇကောထဲကောက်ထည့်တယ်။ ဒီလောက်ဆို အချဉ်သိပ်ဖို့အများကြီးရပြီ။

စောင်ချမ်းချဉ်သိပ်ဖို့ လိုအပ်တာတွေ -

၁၊ စောင်ချမ်းသီး

၂၊ ထမင်း

၃၊ ဆား

          စောင်ချမ်းသီးအခွံခွာရတာ လက်ဝင်ပါတယ်။ ဓားနဲ့ခွာလို့ အခန့်မသင့်ရင်ခိုက်မိတတ်တယ်။ အခွံခွာဓား နဲ့ခွာရင် ပိုကောင်းတယ်။ သားအဖနှစ်ယောက် ညနေခင်းထိုင်ခွာကြတာ နေဝင်ရော။ မနက်ကျအချဉ်သိပ်ဖို့ ဆားရည်စိမ်ထားလိုက်တယ်။ ဒါမှ မည်းမသွားမှာ။ ဒါတောင် ချက်ချင်းမစိမ်မိလို့ မည်းချင်သေးတာ။

          မနက်ကျတော့ ထမင်းကိုခပ်တောင့်တောင့်ချက်ပြီး အအေးခံထားလိုက်တယ်။ စောင်ချမ်းသီးတွေ အကွင်းလိုက်လှီးရတယ်။ အသီးကိုခြမ်းကြည့်ရင် ခြောက်လုံးပြူးသေနတ်ထဲက ကျည်အိမ်ကြီးကျနေတာပဲ။ လှီးပြီးရင် ထမင်း၊ ဆား တို့နဲ့ ကြပ်ကြပ်နယ်ပြီး အိတ်တစ်လုံးထဲထည့်သိပ်ထားလိုက်တယ်။ အိုးနဲ့သိပ်လဲ ရပါတယ်။ လေလုံဖို့နဲ့ ကျပ်နေဖို့က အဓိကပါ။ သုံးရက်လောက်ကြာရင်စောင်ချမ်းချဉ်ရပြီ။

စောင်ချမ်းချဉ်ကြော်ဖို့အတွက် -

၁၊ ကြက်သွန်ဖြူ

၂၊ ကြက်သွန်နီ

၃၊ ငရုတ်သီးစိမ်း

၄၊ ငရုတ်သီးမှုန့်

၅၊ နနွင်းမှုန့်

၆၊ ဆီ

          ကြော်နည်းကတော့ လွယ်လွယ်လေးပါ။ ကြက်သွန်တွေဆီသတ်၊ နနွင်းမှုန့်ထည့်။ နွမ်းလာရင် အရောင် တင်မှုန့်ထည့်ပြီး စောင်ချမ်းချဉ်ထည့်ကြော်ရုံပါ။ အချိုမှုန့်စားရင် ထည့်လို့ရတယ်။ အချဉ်သိပ်စဉ်က ဆားထည့်ခဲ့ လို့ ထပ်ထည့်ဖို့ မလိုတော့ပါဘူး။ အနားက ငရုတ်ပင်ကနေ ငရုတ်သီးစိမ်းလေးခူးပြီး အညှာခြွေထည့်၊ ရေစပ်စပ်လေးထည့်ပြီး ခဏတည်ထားလိုက်တယ်။ မွှေတော့ပေးရတယ်။ ထမင်းပါလို့ အိုးကပ်တတ်တယ်။ ဆီပြန်ရင် စောင်ချမ်းချဉ်ကြော်ရပါပြီ။

 

ကောလိယ ဝေယံမောင်မောင်

၂၆.၉.၂၀၂၁ 

Comments