ကျွန်ုပ်လက်ရာ ၂၀၊ ဘော်ကြိုစဉ့်ကရားနဲ့ မိုးရေကျိုရေနွေးကြမ်း

 





                ‘မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ…’

            ရှေးခေတ်ကုန်သည်တွေ သင်္ဘောရွက်လွှင့်ဖို့ ကူညီတဲ့လေကို ‘ကုန်သည်လေ’ လို့ခေါ်တယ်။ ‘အရှေ့ တောင်ကုန်သည်လေ’က အီကွေတာကိုဖြတ်တယ်။ ကမ္ဘာကြီးကလည်နေတော့ လမ်းကြောင်းပြောင်းပြီး ‘အနောက်တောင်မုတ်သုန်လေ’ ဖြစ်သွားတယ်။ ဆောင်းကူးချိန်မှာတော့ သူ့နေရာမှာ ‘မြောက်ပြန်လေ’ အစားထိုး ဝင်လာတော့တာပါပဲ။

            အထက်မြန်မာြပည်မှာမိုးကုန်ရင် ဝဿာန်မိုးက နှင်းမိုးအဖြစ်ပြောင်းသွားမြဲ။ မိုးလဲရွာတယ်၊ ချမ်းခိုက် တုန်တယ်။ နွေးနွေးထွေးထွေး ရာသီစာလေးတွေစားရင် အကောင်းဆုံးအချိန်။ မိုးတစိမ့်စိမ့်မို့ တံစက်မြိတ်က ကျတဲ့မိုးရေကို အိုထဲထည့်ပြီး ထင်းမီးနဲ့ကျိုလိုက်တယ်။ ရှေးလူကြီးတွေက လေကောင်းအောင် ရေနွေးကြမ်းကို ဆားလှော်လေးခပ်သောက်ကြတယ်။ ထန်းလျက်ခဲလေး ကိုက်စားကြတယ်။

ရေနွေးဆူဆူ

လက်ဖက်ခြောက်

ထန်းလျက်

ဆားလှော်

            ရေနွေးကျိုက်ကျိုက်ဆူတော့ လက်ဖက်ခြောက်ခပ်လိုက်တယ်။ စဉ့်ကရားလေးက ကျွန်တော် သိမ်းထားတဲ့ အမှတ်တရအမွေပါ။ ဘွားဘွားကြီးငယ်စဉ် ရှေးခေတ်ဘော်ကြိုဘုရားပွဲကနေ အိုး၊ ကရားစုံ ဝယ်ခဲ့တာ။ ယွန်းလင်ပန်း၊ မြင်းမြီးယွန်းခွက်နဲ့ ကြွေပန်းကန်လေးတွေကလဲ အဘွားရဲ့ရှေးသုံးပဲ။ ဒီနေ့ လက်ရာ က ဆားလှော်ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲမို့ ဘာမှမထူးခြားပါဘူး။ ဒါပေမဲ့ စိတ်မှာတော့ ကြည်နူးရတယ်။ ရသ(၉)ပါးထဲက ‘သန္တရသ’ ဆိုတာ ဒါကိုပြောတာပဲမဟုတ်လား။

 

ကောလိယ ဝေယံမောင်မောင်

၂၄.၁.၂၀၂၁        


Comments