ဆိမ့်ခါးချိုသက် ခံတွင်းမြက်တဲ့ ဆေးဘက်ဝင်ဟင်းထဲမှာ အညာရဲ့ တစောင်းခါးလဲပါတာပေါ့။ နှလုံး သွေးကြောကျဉ်း၊ ခန္ဓာကိုယ်အဆီများ၊ လိပ်ခေါင်း/ဆီးချိုသမားတွေဆို ပိုစားသင့်သတဲ့။ တစောင်းချဉ်၊ တစောင်းခါး စားလို့အကောင်းသား။ အသားမပါလဲ စားစရာထဲမှာ ဟင်းဖြစ်တာမို့ အိုးနေရာလွတ်ရင် စိုက်ရင် စိုက်ထားသင့်တာ။ ကြော်ရချက်ရလဲ မခက်လှပါဘူး။ ဒီနေ့တော့ တစောင်းခါးကြော်ချက်လေးက ဟင်းတစ်ခွက် ဖြစ်ရပြီဗျာ။
တစောင်းခါး
ဆား
ပုစွန်ခြောက်
ငါးပိ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်သီးခွဲကြမ်းမှုန့်
နနွင်း
ဆီ
တစောင်းခါးပင်တွေကို စဉ့်စီတုံးပေါ်တင်ပြီး ထိပ်ဖျားကနေ အမြစ်ရင်းထိ ခပ်ဆတ်ဆတ်လေး ထုလိုက်ပါတယ်။ ကြေမွအောင်မထုရပါဘူး။ ကွဲရုံလေးပါ။ နယ်ရင်ကြေသွားအုံးမှာဗျ။ အခါးအရသာ လျော့ရဲ သွားဖို့ ဆားနိုင်နိုင်ထည့်ပြီး ခပ်ကြမ်းကြမ်းနယ်ထည့်လိုက်တယ်။ ဆားမနယ်လဲ ကြော်လို့ရပါတယ်။ ဆိမ့်ခါး စားချင်လို့သာ နယ်လိုက်တာပါ။ အစိမ်းရည်တွေထွက်တဲ့အခါ ရေစင်တဲ့ထိဆေးပြီး စစ်ထားပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ လှီးတယ်။ ဆီပူလာတော့ ထည့်ကြော်တယ်။ နနွင်းမှုန့်ထည့်ပါတယ်။ နွမ်းလာတော့ ပုစွန်ခြောက်ရေဆေးထားတာရယ်၊ ငါးပိပါလေကာရယ် ထည့်ပါတယ်။ ခဏနေတော့ ငရုတ်သီး ခွဲကြမ်းမှုန့်ထည့်ပြီး တစောင်းခါးတွေ ရှဲခနဲမြည်အောင် ထည့်ကြော်လိုက်ပါတယ်။ ရေစပ်စပ်ထည့်ပြီး အဖုံးပိတ် ထား၊ အိပြီးဆီပြန်လာရင် တစောင်းခါးကြော်ချက်လေးက အသင့်ဖြစ်ပါပြီတဲ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၄.၁၁.၂၀၂၁





Comments
Post a Comment