သင်္ကြန်ဇာတ်လမ်းမှာ ဗုဒ္ဓဘာသာမဟုတ်၊ မြန်မာ့ဓလေ့မဟုတ်တဲ့
‘ဗြဟ္မာကြီးဦးခေါင်း’ ရှိပါတယ်။ ဒီယဉ်ကျေးမှုက ဟိန္ဒူကနေဆင်းသက်လာခြင်းပါ။ ဦးခေါင်းကိစ္စ
မူကွဲသိပ်များပါတယ်။ အထင်ရှားဆုံး(၂)ခု ပြောပါ့မယ်။ တစ်ခုက မြန်မာသင်္ကြန်နဲ့ ဇာတ်လမ်းနွှယ်ပြီး၊
တစ်ခုက ဟိန္ဒူဒဏ္ဍာရီသတ်သတ် ဖြစ်ပါတယ်။
မြန်မာသင်္ကြန်နဲ့ ဇာတ်လမ်းနွှယ်တဲ့ ဦးခေါင်း
ကမ္ဘာဦးမှာ ဗေဒင်ဂုရု ‘ဣန္ဒိဝိဒ္ဓ’ ရသေ့ကြီးရှိသတတ်။
သူသေတော့ ‘ကဝါလမိုင်း’ အဖြစ်ဝင်စားတယ်။ သိကြားမင်းက ပညာစမ်းဖို့ အသွင်ပြောင်းပြီးဆင်းလာတယ်။ ကဝါလမိုင်းကိုမေးတယ်။ “သိကြားမင်းဘယ်မှာ ရှိလဲ”တဲ့။
“သိကြားမင်းက လူ့ပြည်မှာ၊ အဲဒါသင်ပဲ” လို့ဖြေတယ်။ သိကြားမင်း ပိတိဖြာပြီး တာဝတိံသာ
ပြန်သွား တယ်။
တစ်နေ့ သိကြားမင်းနဲ့ဗြဟ္မာမင်းတို့ ငြင်းကြသတတ်။
သိကြားမင်းက သက္ကရာဇ်ကို ၇နဲ့စားလို့ ၃ကြွင်း ရင် ပြဿဒါး။ ဗြဟ္မာမင်းက ၅ကြွင်းရင်ပြဿဒါး။
ဒါနဲ့ အဖြေမှန်သိရအောင် ကဝါလမိုင်းဆီ သွားမေးမယ်။ ရှုူံးသူခေါင်းဖြတ်ခံကြေးတဲ့။
သိကြားမင်းအဖြေမှန်တယ်။ ဒါပေမဲ့ သူက ဗြဟ္မာမင်းခေါင်းကို
မဖြတ်ချင်ဘူး။ ဒါပေမဲ့ ကတိတည်တဲ့ ဗြဟ္မာမင်းက သူ့ဘာသာအဓိဋ္ဌာန်ပြီး ကိုယ့်ခေါင်းကိုယ်ဖြတ်တယ်။
ဒီခေါင်းက မြေပြင်ပစ်ရင် မီးဟုန်းဟုန်း တောက်မယ်။ ကောင်းကင်ပစ်ရင် ၇နှစ်မိုးခေါင်မယ်။
သမုဒ္ဒရာပစ်ရင်ခန်းမယ်။ ဒါ့ကြောင့် နတ်သမီးခုနစ်ဖော် အလှည့်ကျကိုင်ရတယ်။
သိကြားမင်းက ဗြဟ္မာမင်းခေါင်းအစားထိုးဖို့ မြောက်အရပ်မှာတွေ့တဲ့သတ္တဝါရဲ့
ခေါင်းယူခဲ့ဖို့ ကဝါလမိုင်းကိုပြောတယ်။ ဝိင်္ဂလဆင်ရဲ့ခေါင်းကို ယူလာတယ်။ သိကြားမင်းက
ရေစင်ဖြန်းပြီးတပ်ပေးတော့ ‘မဟာပိန္နဲ’ ဖြစ်လာပါတယ်။
အတာစားတယ်ဆိုတာဘာလဲ
ခေါင်းလွှဲချိန်က သင်္ကြန်အတက်နေ့ ခေါ် အတာကူးချိန်ဖြစ်ပါတယ်။
အတာဆိုတာ နှစ်သစ်ကူးချိန်လို့ အဓိပ္ပာယ်ရပါတယ်။ ပါဠိစကား ‘အန္တ’ ကနေလာနိုင်တယ်လို့
ပညာရှင်များယူဆကြတယ်။ သင်္ကြန်အတက်နေ့ဟာ အတာစားတဲ့နေ့ ဖြစ်ပါတယ်။
နတ်သမီးခုနစ်ဖော်အမည်
၁၊ နန္ဒဒေဝီ
၂၊ ကညာဒေဝီ
၃၊ ဓံသီဒေဝီ
၄၊ ဂေါရဿဒေဝီ
၅၊ မဟောရကာဒေဝီ
၆၊ ဗြောက္ကာဒေဝီ
၇၊ ရဿကာဒဝေီ
ဟိန္ဒူဒဏ္ဍာရီထဲက ဦးခေါင်း
ဟိန္ဒူမှာ သီဝနဲ့ကာလီ နတ်မောင်နှံရှိပါတယ်။
ကာလီကမြေရုပ်လုပ်ရင်း အဲ့မြေရုပ်ကနေ ‘ဂနေ့ရှ်’ ဆိုတဲ့ သားလေးဖြစ်လာတယ်။ တစ်နေ့ ဖခင်သီဝရဲ့
သုံးခွလှံကြောင့် ဂနေ့ရှ်ခေါင်းပြတ်ကျပြီး မီးလောင်တယ်။ ခေါင်း အစားထိုးဖို့ သိကြားမင်းတို့တစ်တွေ
လှည့်ရှာရင်းဆင်တွေ့တယ်။ ဗိဿနိုးနတ်က စကြာလက်နက်နဲ့ ဆင်ခေါင်း ဖြတ်ယူလာတယ်။ ဖခင်သီဝက
ဂနေ့ရှ်ခန္ဓာကိုယ်ကို ဆင်ခေါင်းဆက်လိုက်တော့ မဟာပိန္နဲနတ် ဖြစ်လာတယ်။
ဟိန္ဒူမှာ မဟာပိန္နဲကို ပညာရေး၊ လုပ်ငန်းသစ်၊
လာဘ်နဲ့ တားဆီးနှောင့်ယှက်ဖယ်ရှားဖို့ ကိုးကွယ်ကြပါ တယ်။ သူ့လက်နက်က ပုဆိန်၊ ကြိုးကွင်းနဲ့
ချွန်းတို့ဖြစ်ပါတယ်။ လက်နှစ်ဖက်ကနေ ဆယ့်ခြောက်ဖက်ထိ ရှိတယ်လို့ဆိုပါတယ်။ ဟိန္ဒူနတ်များနဲ့ပတ်သက်ပြီး
ဒါနဲ့မတူတဲ့မူကွဲတွေ များစွာရှိပါသေးတယ်။
ကောလိယ ဝေယံမောင်မောင်
၁၃.၄.၂၀၂၂

Comments
Post a Comment