နိစ္စဒူဝစားနေကြတဲ့ မြင်းခွာရွက်တွေက ကွမ်းရွက်နံ့နံတဲ့ ဆေးမြင်းခွာရယ်၊ ရိုးရှည်ယပ်တောင်လို မြင်းခွာရယ်ပေါ့။ အခုမြင်းခွာက အညာမြင်းခွာ၊ မြန်မာမြင်းခွာပါ။ အရသာအရှိဆုံး ဆေးဘက်ဝင်၊ ရာသီပေါ် စစ်စစ်ပါ။ ဖြိုင်ဖြိုင်ဖြိုးဖြိုး မိုးကျလာရင် မြေထဲကနေ အရွက်လေးတွေ ထွက်လာတယ်။ ပြီးရင် မြေလျှောက်နွယ်က တစ်ဆစ်ကိုတစ်မြစ်နဲ့ ကုတ်တွယ်ပြီး ကော်ဇောခင်းသလို ပြည့်သွားရော။
တိုင်းရင်းဆေးဆရာတွေကလဲ အညာမြင်းခွာကို ဆေးအဖြစ်ညွှန်းတာ။ ကျွန်တော်တို့ ငယ်ငယ်က တည်းက သုပ်စား၊ ကြော်စား၊ ဟင်းခါးလုပ်စားသလို အခြောက်ခံပြီး ရေနွေးကြမ်း ခပ်သောက်ကြတယ်လေ။
မြင်းခွာရွက်
ခရမ်းချဉ်သီး
ကြက်သွန်နီ
ပဲမှုန့်
မြေပဲဆံကြော်
ပုစွန်ခြောက်
ငရုတ်သီး
သံပရာသီး
ငံပြာရည်
ပဲဆီ
မြင်းခွာတွေဆွဲနုတ်ပြီး ရေတဖွားဖွားကျနေတဲ့ ဘုံဘိုင်အောက်မှာ စင်စင်ဆေးချလိုက်ပါတယ်။ အရွက် လေးတွေသင်ပြီး ထပ်ဆေးပါတယ်။ ကတ်ကြေးနဲ့ကိုက်ပြီး နယ်မဲ့ဇလုံထဲ ထည့်ထားလိုက်တယ်။ ပြီးတော့ ပါးပါးလှီး ရေဆေးထားတဲ့ ကြက်သွန်နီ၊ အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနီနီ၊ မြေပဲဆံကြော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး၊ သံပရာသီး၊ ငံပြာရည်နဲ့ ပဲဆီထည့်ပြီး သုပ်လိုက်ပါတယ်။
ရေနွေးကြမ်းကျတော့ လက်ဖက်ခြောက်ထက် ပိုကောင်းတဲ့ မြင်းခွာရွက်ခြောက်ကို ဓာတ်ဘူးထဲစိမ်ခပ် ထားပါတယ်။ မြင်းခွာရွက်ခြောက်လုပ်ဖို့ ပဉ္စငါးပါးခူးပြီးသန့်ပြီးရင် နေရိပ်မှာအခြောက်လှမ်းထားရတယ်။ ခြောက်သွားရင် သေးသေးလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ကိုက်ထားရတယ်။ သောက်ဖို့ကျ ရေနွေးဓာတ်ဘူး ထဲ နှပ်ထားလိုက်တာပေါ့။ ကဲ သည်နေ့အတွက်တော့ အညာမြင်းခွာလေးက ဟင်းလဲဖြစ်၊ ရေနွေးကြမ်းလဲ ဖြစ်ခဲ့ ပြီ။ ခံတွင်းမြိန်ဆေး ကျန်းမာရေးမဟုတ်လားဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၁.၁၁.၂၀၂၁




Comments
Post a Comment