အောင်သပြေ ခေါ် ရက်မြတ်သင်္ကြန်သီချင်း

 


 

        သင်္ကြန်မြို့တော်မန္တလေးမှာ ‘အောင်သပြေ’ ရေသဘင်မဏ္ဍပ် တစ်ချိန်တုန်းကရှိခဲ့သတဲ့။ မြို့မငြိမ်းက ဒီမဏ္ဍပ်ဖို့ ‘အောင်သပြေ’ သီချင်းစပ်ပေးခဲ့ပါတယ်။ အဲဒီသီချင်းက အဆိုတော်များစွာ ပြန်လည်သီဆိုကြတဲ့ ‘ရက်မြတ်သင်္ကြန်’ သီချင်းပါ။ ဒီသီချင်းကို ဂန္ထဝင်တေးသံရှင်ကြီး ကိုအံ့ကြီးက ၁၉၅၃ မေလ၊ သူ့ရဲ့ ပထမဆုံး ဂျပန်ခရီးမှာ သီဆိုခဲ့ပါတယ်။

ကိုအံ့ကြီးဖို့ ဂျပန့်ပထမဆုံး ရုပ်သံနဲ့အသံလွှင့်ဌာန NHK ရဲ့ သံစုံတီးဝိုင်းက တီးခတ်ပေးခဲ့ပါတယ်။ ကိုအံ့ကြီး ဂျပန်ကို (၃)ကြိမ်ထိသွားပြီးတော့ သူ့အတွေ့အကြုံတွေကို မြန်မာ့အသံဆွေးနွေးခန်းမှာ တင်ဆက်သူ ဦးကျော်ညိန်းနဲ့ စကားစမြည်ပြောရင်း သီချင်းတွေလွှင့်ပေးခဲ့ပါတယ်။ (နောက်ပိုင်း ၄ကြိမ်ထိ ဂျပန်ခရီး သွားခဲ့တယ်လို့ သိရပါတယ်။)

ဂျပန်ခရီးစဉ်တွေမှာ ပြုံးတုံ့လှယ်၊ အောင်သပြေ (ခ) ရက်မြတ်သင်္ကြန်၊ မန်းတောင်ရိပ်ခို၊ အခါတော် ရေသဘင် စတဲ့မြန်မာသီချင်းတွေရော ဂျပန်သီချင်းတွေပါ သီဆိုရိုက်ကူးခဲ့ပါတယ်။ ကိုအံ့ကြီးက တူရိယာသင်္ကေတ (Musical notation)  ရေးယူသွားသတဲ့။ ဟိုရောက်တော့ NHK တီးဝိုင်းအုပ်ကိုပေး၊ တီးဝိုင်းအုပ်က သူတို့ တီးဝိုင်းအတွက် သင်္ကေတပြန်ရေးပြီး တီးဆိုကြသတဲ့။

ဂျပန်ဂီတပညာသည်များက အားတက်သရော ကူညီတယ်။ စည်းကမ်းလဲ ကောင်းတယ်။ ခင်ခင်မင်မင် ရှိတယ်။ အချိန်လေးစားပြီး ဖင့်နွှဲခြင်းမရှိဘူးလို့ ကိုအံ့ကြီးကဆိုပါတယ်။ သူတို့နိုင်ငံမှာ မြန်မာ့ဂီတကို ထုတ်လွှင့်ရတာကို အထူးလိုလားတယ်လို့ သိရပါတယ်။

အခုလိုဂုဏ်ယူဖွယ် မြန်မာ့ဂီတများထဲက မြို့မငြိမ်းရဲ့ ‘အောင်သပြေ’ သီချင်းကို သက်ဆိုင်သူများကို မူပိုင်ပေးပြီး တင်ဆက်ပါရစေ။ ၂၀၁၄ တုန်းက သီချင်းခွေပေးခဲ့တဲ့ အဆိုတော် (ဘဘ) ကိုအံ့ကြီးနဲ့ သမီးဖြစ်သူ (အန်တီ) ဒေါ်ခင်မေအံ့ကြီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။

(မှတ်ချက် - အောင်သပြေသီချင်းနဲ့ သံစဉ်တူ ‘စောင်းသံ’ သီချင်းကို မြို့မငြိမ်းက ရေးသားထားပါ သေးတယ်။ ဒီသီချင်းကိုတော့ ဝင်းဦးက ပြန်လည်သီဆိုခဲ့ပါတယ်။)

 

ကောလိယ ဝေယံမောင်မောင်

ယူကျု၌ နားဆင်ရန် - https://youtu.be/eYcE4MHvgc8

 

အောင်သပြေ (ခ) ရက်မြတ်သင်္ကြန်

တေးရေး - အလင်္ကာကျော်စွာ မြို့မငြိမ်း

 

(သင်္ကြန်ခါတော်ပေ ရက်မြတ်မှာလေ

လှပျိုဖော်တစ်သင်းနဲ့ တေးသံလွင်လွင်ရင့်ကျူးပေ။

 

ဆီးလို့သာလေ ပက်ဖျန်းမယ်သင်္ကြန်ရေ

အေးအေးချမ်း လန်းဆန်းကြစေ

မိတ်အပေါင်း ကျန်းမာကြောင်းဝေ

ဟောင်းချွေနှစ်သစ်ပေ။) ၂

 

ရေသဘင်ဆင်ယင်နွှဲလို့ မိတ်ဆက်တွေ့ဆုံမလေ

တကယ်မောင်ရင်း နှမရင်းတွေ

ချစ်ကြည်ရေးတွေပေးဝေ။

 

လှမ်းကာပက်လိုက်မယ် ချမ်းသာလျက်ရွှင်လန်းစေ

နှစ်သစ်ခါဦး ကြည်နူးထူးမြတ်ပေ။

 

အောင်သပြေ နိမိတ်ကောင်းယူမယ်လေ

နှစ်စဉ်တွေ့စေကြောင်းကို ဆုတောင်းလို့သာ

ဦးညွှတ်ကာချွေ။

 

တေးသံပေးလို့လေ ညှင်းတွဲ့တွဲ့သာယာပေ။

Comments