‘ဗယာကြော်’
ဟိန္ဒီလို ‘ပရာ’ကို မြန်မာလိုခေါ်တော့ ‘ဗယာ’ ပေါ့။ ကုလားပဲကအသစ် ရလာခဲ့တယ်။ ခါတိုင်းများ ပြုတ်မနူးစုန်းပြူးတွေ၊ တစ်သက်တာတည်လဲ အခဲမကြေနိုင်ဘူး။ သည်နေ့မှာ ခြံထဲက ပျဉ်းတော်သိမ်ပင်က လေတိုက်တော့ တဝဲဝဲ၊ ဝယ်ခဲ့တဲ့ကုလားပဲလဲ အသစ်ပဲဆိုတော့ ဗယာကြော် ကြော်မယ်ကြံရဲ့ဗျာ။
ဗယာကြော်ကို ဟိန္ဒီတွေက ဒိန်ချဉ်နဲ့တွဲစားကြတယ်။ မြန်မာမှာတော့ မန်ကျည်းချဉ်ပေါ့။ ခြံထဲမှာ မန်ကျည်းပင်ကြီးတွေရှိတယ်။ ကြွေသမျှ အမေအမြဲကောက်တာ။ အိမ်ရှေ့မန်ကျည်းပင်ကြီးက အနှစ်သား ထူထူမည်းမည်းနဲ့ အရသာသိပ်ရှိတာ။ အချဉ်ဖျော်ရမယ်လေ။
ကုလားပဲ
ဆန်မှုန့်
ပျဉ်းတော်သိမ်
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
မန်ကျည်းမှည့်
ဆီ
ရေ
ဆား
ကုလားပဲကို တစ်ညသိပ် ရေစိမ်ထားနှင့်ပါတယ်။ မနက်ရောက်တော့ ပွပါပြီ။ ရေစစ်ချပြီး ငရုတ်ဆုံနဲ့ ထောင်းပါတယ်။ စလုံးစခုမှကောင်းတာမို့ ညက်ဖို့မလိုဘူး။ ထောင်းပြီး ခြံနောက်က ပျဉ်းတော်သိမ်ရွက်ခူး၊ ရေဖွားဖွားနဲ့ဆေးပြီး ကတ်ကြေးနဲ့ညှပ်ထည့်ပါတယ်။ ငရုတ်သီးစိမ်း ကတ်ကြေးနဲ့ကိုက်တယ်။ ဆန်မှုန့်၊ ဆား၊ ရေနည်းနည်းရောပြီး သမလိုက်ပါတယ်။ ခဏတော့နှပ်ထားရတယ်။ ကြော်သားပွအောင်ပါ။
ကြားထဲမှာ မန်ကျည်းချဉ်ဖျော်မယ်ဗျာ။ ကျိုလဲရတယ်၊ အစိမ်းလဲရတယ်။ အခုက အလွယ်ဆုံးနည်းပါ။ မန်ကျည်းနှစ်ရေဆေးပြီး အနှစ်တိုက်ရေဖျော်ပါတယ်။ နံနံပင်ဆိတ်ဖဲ့၊ ကြက်သွန်ဖြူနီလှီး၊ ငရုတ်သီးစိမ်း ရိတ်ရိတ်နဲ့ ဆားထည့်မွှေရုံပါ။
ဒယ်အိုးပူပူထဲ ဆီပေါပေါထည့်ပြီး ဆီပူတော့ ကုလားပဲနှစ်ကို ဇွန်းနဲ့ကော်ကော်ပြီး ထည့်ကြော်ပါတယ်။ အနှစ်ကပျစ်ပျစ်ဆိုရင် လက်နဲ့ပုံဖော်ထည့်လဲရတယ်။ ဆီဖင်ကပ်ထည့်ပြီး အကြော်ကို ဘယ်ညာလှန်ကြော်လဲ ရပါတယ်။ ဒါပေမဲ့ ဆီမြုပ်ကြော်တာကိုတော့ မမီဘူးပေါ့။ အကြော်တွေကျက်တော့ ဆယ်ပြီး စက္ကူပေါ်မှာ ဆီစစ်ထားလိုက်ပါပြီ။ ကိုင်း… အကြော်ပူပူလေးကို မန်ကျည်းချဉ်နဲ့ စားကြပါအုံးဗျာ။



Comments
Post a Comment