စေတနာသဒ္ဓါတို့၊ လူနာမည်သဒ္ဓါတို့ကို ‘သဒ္ဒါ’ လို့မှားရေးတာ မကြာခဏမြင်ရပါတယ်။ တကယ်က ‘သဒ္ဓါ’ ဖြစ်ရမှာပါ။ ‘သဒ္ဒါ’ နဲ့ ‘သဒ္ဓါ’ က ‘ဒထွေး’ နဲ့ ‘ဓအောက်ခြိုက်’ ပဲကွာတယ်။ ပါဌ်ဆင့်လဲဖြစ်ကြတယ်။ အသံထွက်လဲတူတယ်။ ဒါကို သံတူကြောင်းကွဲလို့ ခေါ်ပါတယ်။ ဒါ့ကြောင့် လွဲတတ်ပါတယ်။ နှစ်ခုလုံးက ပါဠိစကားပါ။
သဒ္ဓါ
‘သဒ္ဓါ’ ရဲ့အဓိပ္ပာယ်က ‘ယုံကြည်ခြင်း’ ပါ။ အင်္ဂလိပ်လို Confidence လို့ ဘာသာပြန်ပါတယ်။ အရပ်သုံး စကားအဖြစ် ကာလရှည် တွင်ကျယ်ပြီးနောက် ‘လိုလားကြည်ဖြူခြင်း’ ဆိုတဲ့ အဓိပ္ပာယ်ပါရှိလာတယ်။ ဒါ့ကြောင့် စေတနာသဒ္ဓါ၊ သဒ္ဓါတရား၊ မသဒ္ဓါဘူး၊ သဒ္ဓါကြေး စသဖြင့်သုံးလာကြတယ်။ ကာလတစ်ခု ကြာလာပြန်တော့ နာမည်တွေမှာပါ သဒ္ဓါထည့်ပြီး မှည့်လာကြတယ်။
သဒ္ဒါ
‘သဒ္ဒါ’ ဆိုတာ ‘သဒ္ဒ’ ဆိုတဲ့ ပါဠိကနေလာပါတယ်။ အသံကိုဆိုလိုတာပါ။ အသံနဲ့ပြောတဲ့ အဓိပ္ပာယ်ရှိ စကားတွေက ဖွဲ့စည်းပုံတစ်ခုဖြစ်လာတယ်။ အဲဒီဖွဲ့စည်းပုံက ကျောင်းမှာသင်ရတဲ့ ‘သဒ္ဒါ’ Grammar ပေါ့။ လူနာမည်တို့၊ စေတနာတို့နဲ့ ပတ်သက်တာတို့ကို ဒီ ‘သဒ္ဒါ’ လွဲရေးတတ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်

Comments
Post a Comment