ဆောင်းဝင်ပြီဆိုတော့ ကန်စွန်းဥပေါပြီမလား။ ငယ်ငယ်ကဆို အမေ ကန်စွန်းဥယိုထိုးနေကျ။ တစ်ခါ ထိုးထားရင် လေလုံလုံသိမ်းပြီး တာရှည်ထား စားလို့ရတော့ တွက်ချေကိုက်တယ်ဆိုရမှာပဲ။ လုပ်နည်းကလဲ လွယ်ပါတယ်။ ဝါယမစိုက်ဖို့တော့လိုတယ်။ လက်ပူလက်ညောင်းခံဖို့လဲ လိုပါတယ်။ သကြား လုံးဝထည့်မထား ပါဘူး။ အချိုကြိုက်လွန်းသူတွေထည့်ဖို့ အမယ်ထဲမှာ သကြားရေးပြထားပါတယ်။ ဆီးချိုတော့ သတိပြုပါဗျာ။
ကန်စွန်းဥ
မြေပဲဆံ
ဖရုံယို
စပျစ်သီးခြောက်
ထောပတ်ဆီ
ဆား
သကြား (မထည့်လဲရ)
ကန်စွန်းဥတွေကို ရေစင်စင်ဆေးပြီး ပြုတ်ပါတယ်။ သိပ်နူးစရာမလိုပါဘူး။ အတန်အသင့်ဆိုရပါပြီ။ အေးတဲ့အခါ အခွံနွှာပြီး ချေထားပါတယ်။ မြေပဲဆံတွေကို အခွံချွတ်ခြမ်းထားပြီး ဖရုံယိုကို သေးသေးလေးတွေ စိပ်ထားပါ။
အိုးထဲမှာထောပတ်ဆီထည့်ပါတယ်။ ပူလာတော့ မြေပဲဆံထည့် ခဏမွှေပြီး ကန်စွန်းဥပြုတ်တုံးနဲ့ ဆား နည်းနည်းထည့်ပါတယ်။ အချိုကဲချင်သူဆို သကြားထည့်နိုင်ပါတယ်။ အိုးကို မွှေမွှေပေးပါ။ ကန်စွန်းဥပြုတ် ထဲက အရည်တွေခမ်းလို့ စေးထန်းတဲ့အခါ စပျစ်သီးခြောက်ရယ်၊ စိပ်ထားတဲ့ ဖရုံယိုရယ် နိုင်းချင်းဖြူးပြီး ချပါ။ အေးတဲ့အခါ လေလုံမဲ့ဘူး၊ ပုလင်းထဲထည့်သိမ်းရင် တာရှည်ခံ ကန်စွန်းဥယို ရပါပြီတဲ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၈.၁၁.၂၀၂၁
#ကောလိယဝေယံမောင်မောင်
#ကျွန်ုပ်လက်ရာ





Comments
Post a Comment