‘သရက်ကင်း’ နဲ့အနံ့အရသာဆင်တဲ့ ချင်းလိုအတက်ကို ‘ရေသရက်ကင်း’၊ ပေါင်းမြက်အရွက်ကို ‘လယ်သရက်ကင်း’ လို့ခေါ်ပါတယ်။ ရေသရက်ကင်းပင်က နနွင်းပင်လိုမျိုးပေါ့။ အရသာကြိုက်လို့ကို ခြံထဲမှာ တတန်တက စိုက်ထားတာ။
ထိန်ဝါဝါ ရေသရက်ကင်းတက်လေးတွေက ဝါးလိုက်ရင် ခံတွင်းကြိုင်ပြီးစားမြိန်စေတယ်။ တောတောင်ထဲ ရောက်နေသူတွေလဲ ရေသရက်ကင်း၊ ဆိတ်ဖူးဥ၊ နနွင်းတက်တို့ကို တူးစားနိုင်တယ်မလား။ ရေသရက်ကင်းကို တို့စား၊ အချဉ်တည်စားကြပေမဲ့ ကျွန်တော်က ထောင်းပါစားဖြစ်ပါတယ်။ အမယ်တွေကလဲ ခြံထွက်တွေပါ။ ဝယ်မယ်ဆိုလဲ ဈေးချိုတာချည်းမို့ ဒီကာလအတွက် စရိတ်ချွေတာ ကျန်းမာရေးဓာတ်စာပါပဲ။
ရေသရက်ကင်း
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ဆား
သံပရာသီး
ရေသရက်ကင်းကို ရေစင်စင်ဆေးပြီး အခွံခွာထားပါ။ ကြက်သွန်ဖြူအခွံခွာပြီး ငရုတ်သီးစိမ်း အညှာခြွေ ထားပါ။ ရေသရက်ကင်းကို ပါးပါးလှီးထောင်းရင် မြန်မြန်ညက်စေပါတယ်။ ညက်ရင် ဆုံထဲကထုတ်ပြီး ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ဆားထည့်ထောင်းပါ။ အမယ်တွေနည်းနည်းပဲထောင်းရင်တော့ အားလုံးကို တစ်ခါတည်း ရောထောင်းလို့ရပါတယ်။ အမယ်များမယ်၊ ဆုံသေးမယ်ဆိုရင်တော့ ခွဲထောင်းရပါမယ်။
ရလာတဲ့အထောင်းတွေကို သမပြီးသံပရာရည်ညှစ်လိုက်ရင် အရောင်၊ အနံ့၊ အရသာ ပြောစရာမရှိတဲ့ ရေသရက်ကင်းထောင်းရပါပြီ။ ဆားသက်သက်နဲ့ပဲ ထောင်းထားတာမို့ သတ်သတ်လွတ် သမားတွေအတွက်လဲ အဆင်ပြေမှာ သေချာပါတယ်။
ကောလိယ ဝေယံမောင်မောင်
၃၁.၁၀.၂၀၂၁





Comments
Post a Comment