မန္တလေးသင်္ကြန်၏ ပုံရိပ်လွှာများ


သင်္ကြန်ဟုဆိုလိုက်လျှင် မန္တလေးကိုပြေးမြင်တတ်သကဲ့သို့ မန္တလေးဆိုလိုက်လျှင်လည်း သင်္ကြန်ကို ပြေးမြင်တတ်သည်။ မန္တလေးနှင့်သင်္ကြန်သည် ခွဲခြားမရသောအမြွှာများဟုဆိုရမည်။ မန္တလေးသင်္ကြန်သည် ယဉ်ကျေးမှုအစဉ်အလာအရကြည့်လျှင် ရတနာပုံခေတ်၏မြို့တော်ဖြစ်သောကြောင့် ထီးဟန်နန်းဟန်ရှိခြင်း၊ အနုပညာအရကြည့်လျှင် ကမ္ဘာသိမြို့မအဖွဲ့နှင့် အနုပညာရှင်ကြီးများရှိခြင်း၊ ကမ္ဘာလှည့်ခရီးသည်များလည်း စိတ်၀င်စားမှုများခြင်း စသောအချက်များကြောင့် ကျော်ကြားသောပွဲတော်ဖြစ်ပြန်သည်။


မန္တလေးသင်္ကြန်၏အတိတ်သမိုင်းကိုပြန်ကြည့်လျှင် အနုပညာရပ်များစီးမြောမှုများကို အထင်းသားမြင်နိုင်သည်။ ထိုကဲ့သို့ မန်းသင်္ကြန်၏ အစဉ်အလာများကို ခေတ်လူငယ်များအတွက် ဂုဏ်ယူစွာဖြင့်ဖော်ပြ ပေးလိုက်ပါသည်။

၁၊ ရှေးကမန္တလေးသင်္ကြန်

အနောက်တိုင်းသတင်းစာ၌ ဖော်ပြထားသော (၁၈၈၈)ခုနှစ် မန္တလေးသင်္ကြန်ရေပက်နေကြပုံ

မန္တလေးမြို့တစ်နေရာတွင် မြင်းစီးလာသူအနောက်တိုင်းသားကို ရေပက်နေကြသည့်သရုပ်ဖော်ပုံ ဖြစ်သည်။ (၁၈၈၈)ခုနှစ်တွင် လန်ဒန်သတင်းစာ (သို့) The Graphic Illustrated အပတ်စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်ဟု ယူဆရသည်။ ရှေးဟောင်းယဉ်ကျေးမှုပုံဖြစ်သည့်အတွက် ယင်းရုပ်ပုံ၏မိတ္တူကိုပင် ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်ဟု သိရသည်။


၂၊ မန္တလေးကျုံးမြို့ရိုး

မန္တလေးစီဒိုးနားဟိုတယ်ပေါ်မှတွေ့ရသော ကျုံးမြင်ကွင်း

ကျုံးမြင်ကွင်းတစ်ခု


ကျုံးဆိုလျှင် မန္တလေးကိုပြောမှန်းသိကြသည်။ မင်းတုန်းမင်းတရားကြီးတည်ဆောက်ခဲ့သော ကျုံးတော်မှာ ယနေ့အချိန်ထိ ၀င့်ကြွားစွာတည်ရှိဆဲဖြစ်သည်။ လေးဘက်လေးတန် ထောင့်မှန်စတုဂံကျကျဆောက်လုပ်ထားပြီး ပတ်လည်တွင်ရေအပြည့်ဖြည့်ထားသည်။ ကျုံးတော်တွင်း ရေကင်းလှည့်စဉ်အခါက တီးခဲ့သောတီးလုံးကို ရေကင်းဟုခေါ်ပြီး ယနေ့တိုင်မြန်မာ့ဂီတတွင် အထင်ကရရှိသည်။


ကျုံးသည် သင်္ကြန်၏သင်္ကေတလည်းဖြစ်ပြန်သည်။ သင်္ကြန်သမိုင်းတွင် ရေသဘင်မဏ္ဍပ်အားလုံးက ကျုံးပတ်လည်တွင်အဓိကတည်ရှိသည်။ ပက်ဖျန်းသည့်ရေပင်လျှင် ကျုံးရေဖြစ်သည်။ မန်းသင်္ကြန်သည် ကျုံးကိုမှီတည်၍ကျင်းပရသည်။ မြန်မာ့နောက်ဆုံးထီးနန်းလက်ကျန်ကျုံးနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်သည် တစ်သားတည်းပင်ဖြစ်သည်။

၂၊ ကမ္ဘာကျော် မန္တလေးမြို့မအဖွဲ့ကြီး

မန္တလေးသင်္ကြန်ဖွင့်ပွဲမှ မြို့မငွေငန်းဖျော်ဖြေရေးယာဉ်

မန္တလေးမြို့မအဖွဲ့ကြီး၏တံဆိပ်

ရှေးရှေးက မြို့မအဖွဲ့ကြီးဖျော်ဖြေနေပုံ

မြို့မအဖွဲ့ကို (၁၉၂၅)ခုနှစ်က အပျော်တမ်းတူရိယာအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ သင်္ကြန်ဆိုလျှင် မြို့မအဖွဲ့မှာမပါမပြီးပေ။ သင်္ကြန်သီချင်းအများစုမှာလည်း မြို့အဖွဲ့ကြီးမှပင်ပေါက်ဖွားလာခဲ့သည်။ နှစ်ပေါင်း (၉၀)ကျော်ထိရပ်တည်နေသောမြို့မအဖွဲ့မှာ (၁၉၂၀)နှစ်များက မြို့မငြိမ်းတို့တစ်စု အပျော်တမ်းစုပေါင်း၍ အနုပညာများဖန်တီးကြရာမှ ကမ္ဘာသိအဖွဲ့ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ မြိူ့မ၏သင်္ကေတမှာ ပျံတက်မည့်ဟန် ငွေငန်းရုပ်ကြီးဖြစ်သည်။

မန္တလေးမဟာသင်္ကြန်ပွဲဖွင့်လှစ်လျှင် အကအလှမိန်းမပျိုများက မြို့မ၏ မန်းတောင်ရိပ်ခိုသီချင်းနှင့် ကပြဖွင့်လှစ်ပြီး ငွေငန်းရုပ်ကြီးဖြင့်တန်ဆာဆင်ထားသော မြို့မဖျော်ဖြေရေးယာဉ်ကြီး ပရိသတ်များ ကြား မောင်းနှင်လာသည်။ မြို့မယာဉ်နောက်မှ ခရိုင်အသီးသီးကိုယ်စားပြုအလှပြယာဉ်များလိုက်ပါလာကြသည်။ ယင်းဖွင့်မှာ ကမ္ဘာလှည့်ခရီးသည်များပင် တကူးတကလာရောက် ကြည့်ရသောပွဲဖြစ်သည်။

၃၊ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း

မြို့မဖခင်ကြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း

မြို့မငြိမ်းမှာ မသိသူမရှိလောက်အောင်ကျော်ကြားသော အနုပညာရှင်ကြီးဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်ပြီး (၁၉၀၉)ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်တွင် မန္တလေးမြို့တွင်မွေးဖွားသည်။ သင်္ကြန်အနှစ်သာရမှာ ဆရာငြိမ်း၏ ဂီတအနုသုခုမဖြည့်စွက်ထား၍သာ ပိုမိုပြည့်စုံသည်မှာ ငြင်းဖွယ်ရာမရှိ။ မန်းတောင်ရိပ်ခို၊ တူးပို့တူးပို့၊ ရက်မြတ်သင်္ကြန်၊ ဖိုးညိုမြ၊ သင်္ကြန်လုလင်၊ ရွှေမန်းမာလာ စသောသင်္ကြန်သီချင်းများကို ရေးစပ်ခဲ့သည်။ (မန်းတောင်ရိပ်ခိုသီချင်းကို ဆရာငြိမ်းနှင့်ဂီတစာဆိုနှစ်ဦး စုစုပေါင်းသုံးယောက်ပေါင်းရေးဖွဲ့သည်ဟု လည်း ဆိုကြသည်။) ယနေ့သင်္ကြန်သီချင်းများစွာ ပေါ်ပေါက်လာသော်လည်း ပြည်တွင်းပြည်ပ သင်္ကြန်ပွဲများတွင် မြို့မငြိမ်း၏သီချင်းများက ထိပ်တန်းတွင်ရပ်တည်ဆဲဖြစ်သည်။

ဆရာငြိမ်းမှာ တခြားထင်ရှားသောသီချင်းများဖြစ်သည့် လူချွန်လူကောင်း၊ တိမ်လွှာမို့မိုလွင်၊ စစ်ကိုင်းတောင်၊ တူရိယာလုလင်၊ မင်္ဂလာမောင်မယ် စသော အလွန်ကြော်ကြားသည့်ဂန္တ၀င်သီချင်းများကို ရေးစပ်ခဲ့သည်။ ဆရာငြိမ်းမှာ အသက်(၄၆)နှစ်အရွယ်၊ (၁၉၅၅)ခုနှစ်တွင် အုတ်သယ်ကားကြီးဖြင့်ထိခိုက်၍ အနိစ္စရှောက်ရှာသည်။ အများကမူ အနုပညာဆိုင်ရာ ဖိစီးမှုသောကကြောင့် ကားရှေ့ခေါင်းခံ၍ မိမိဖာသာအဆုံးစီရင်သည်ဟု ဆိုကြသည်။

၄၊ သင်္ကြန်မိုးရုပ်ရှင်

သင်္ကြန်မိုးရုပ်ရှင်သရုပ်ဖော်ပန်းချီ

သင်္ကြန်မိုးရုပ်ရှင်မှ မြို့မငွေငန်း

မန်းသင်္ကြန်ဆိုလျှင် သင်္ကြန်မိုးရုပ်ရှင်လည်း တစ်စိတ်တစ်ပိုင်းပါ၀င်သည်။ ယနေ့အချိန်ထိ သင်္ကြန်နီးလာလျှင် သင်္ကြန်မိုးရုပ်ရှင်ကို နှစ်စဉ်ပြန်လည်ပြသရသည်ထိ စွဲလန်းကြရသည်။ ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးခဲ့ပြီး နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနု၊ ဇော်၀မ်းနှင့် သရုပ်ဆောင်များ ပါ၀င်သော သင်္ကြန်မိုးရုပ်ရှင်၏ မန်းသင်္ကြန်အငွေ့အသက်များက ယနေ့တိုင်မရိုးနိုင်သော ပုံရိပ်တစ်ခုလည်းဖြစ်သည်။ သင်္ကြန်မိုးမှာ ရုပ်ရှင်သက်သက်သာမက ရုပ်ရှင်သီချင်းများဖြစ်သော သင်္ကြန်မိုး၊ မြူမှောင်ဝေကင်း၊ နှစ်ကိုယ်တူချစ်သမျှ၊ နွေဦးကဗျာ၊ နှစ်သစ်မင်္ဂလာ၊ ပိတောက်တစ်မျက်နှာ အစရှိသည့်သီချင်းများမှာလည်း ယနေ့တိုင်ကျော်ကြားသည်။

၅၊ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့၌ ကျောင်းသူလေးများ အကလေ့ကျင့်နေစဉ်

မန္တလေးသင်္ကြန်တွင် ဗဟိုမဏ္ဍပ်ဟုလူသိများသော မြို့တော်၀န်မဟာသင်္ကြန်မဏ္ဍပ်မှာ အကြီးမားဆုံးဖြစ်သည်။ မန္တလေးကျုံးတောင်ဘက် မင်္ဂလာတံတားအနီးရှိ စည်ပင်သာယာရေးကော်မတီရှေ့တွင် နှစ်စဉ် တည်ဆောက်ပြီး မန္တလေးသင်္ကြန်ဖျော်ဖြေရေးတွင် အဓိကမဏ္ဍပ်ဖြစ်သည်။ သင်္ကြန်ဖွင့်ပွဲ၊ ပိတ်ပွဲကို ဤမဏ္ဍပ်တွင်ကျင်းပသည်။ မန္တလေးမြို့တော်၀န်က မြို့တော်၀န်မြန်မာ၀တ်စုံ၀တ်ဆင်လျက် မြန်မာ့အတီးအမှုတ်များဖြင့်တက်ရောက်ပြီး မဟာသင်္ကြန်အခမ်းအနားကိုဖွင့်လှစ်ပေးသည်။ ယင်းနောက် အနုပညာရှင်များ၊ ကျောင်းသူအလှပျိုငါးထောင်က မန်းတောင်ရိပ်ခိုသီချင်းဖြင့်ကပြပြီး မြို့မငွေငန်းအလှပြယာဉ်ဦးဆောင်၍ ခရိုင်အလှပြယာဉ်များ လိုက်ပါလာကြသည်။

ထို့နောက်ပိုင်းမှစတင်၍ သင်္ကြန်တစ်တွင်းလုံး နိုင်ငံကျော်အနုပညာရှင်များစွာ ဖျော်ဖြေသည်။ သင်္ကြန်နောက်ဆုံးညတွင် မန္တလေးတိုင်းဒေသကြီးတွင်းမှ ခရိုင်အသီးသီးကိုယ်စားပြုအလှပြယာဉ်များကို ဆုများချီးမြှင့်၍ ပိတ်သိမ်းသည်။ ထို့ကြောင့် ဗဟိုမဏ္ဍပ်သည် သင်္ကြန်အနုသုခုမတို့၏ အဓိကနေရာဖြစ်သည်။

၆၊ မန္တလေးမဟာသင်္ကြန်စာ

မန္တလေးမဟာသင်္ကြန်စာ

သင်္ကြန်ရောက်လုပြီဆိုလျှင် ရပ်ကွက်များ၌ “မန္တလေးမဟာသင်္ကြန်စာရပြီ” ဟူသောအသံကို ကြားရမြဲဖြစ်သည်။ သင်္ကြန်စာသည် လာမည့်နှစ်သစ်အတွင်းကြုံတွေ့မည် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ကြိုတင်ဟောကိန်းထုတ်ထားသည့် စာစောင်ဖြစ်သည်။ သိကြားမင်းက မည်သည်ကိုကိုင်၍ မည်သည်ကိုစီးနင်းကာ လူ့ပြည်သို့ဆင်းသည်။ မည်သည့်နေ့ဖွားများ အတာစားသည်။ မည်သည့် အချိန်၊ နာရီ၊ မိနစ်၊ စက္ကန့်တွင် သင်္ကြန်ကျသည်၊ တက်သည်။ တိုင်းပြည်အတွင်း စီးပွားရေး၊ ရာသီဥတု၊ စိုက်ပျိုးရေး၊ နိုင်ငံရေး စသည်တို့ကို ဟောစာတမ်းထုတ်ပေးသည်။

မန္တလေးမဟာသင်္ကြန်စာကို ယနေ့အချိန်ထိလည်းရောင်းချကြသကဲ့သို့ ခေတ်ပေါ်ဒီဇိုင်းများဖန်တီး၍လည်း ကုမ္ပဏီများ၊ လုပ်ငန်းများက လက်ဆောင်ပေးကြသည်လည်းရှိသည်။ ဘိုးဘွားစဉ်ဆက် ဓလေ့တစ်ခုအဖြစ် ယနေ့တိုင်ထုတ်ဝေလျက်ရှိသည်။

× × ×

အချုပ်ဆိုရလျှင် မန္တလေးသင်္ကြန်သည် မြန်မာတို့၏အသည်းနှလုံးဖြစ်သည်။ မြန်မာသင်္ကြန်ဟူသော ရုပ်လုံးကို မန္တလေးသင်္ကြန်ကဖော်ဆောင်သည်။ ထို့ကြောင့် မြန်မာပြည်သူပြည်သားအားလုံး ကမ္ဘာကျော် မြန်မာ့မဟာသင်္ကြန်ပွဲတော်၏ အကျဉ်းတန်မည့်အပြုအမူများကိုရှောင်ရှားရင်း နှစ်သစ်မင်္ဂလာကိုကောင်းမွန် လေးနက်စွာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ကြစေကြောင်း ဆန္ဒပြုပါသည်။

ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၆ ခုနှစ်၊ ဧပြီ

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#Thingyan #ThingyanFestival
#MandalayThingyan #Mandalay
#Myoma #MyomaNyein #မြို့မငြိမ်း

Comments