အစ်မတစ်ယောက်ရဲ့ ထောပတ်သီးလက်ဆောင်ကို ကျောက်ကျောလုပ်ဖြစ်ပါတယ်။ ဈေးထဲမှာကျ ထောပတ်သီးရောင်းကြတာမဟုတ်ပါဘူး။ ကံစမ်းမဲရောင်းကြတာပါ။ (၁)လုံး(၅၀၀)နဲ့ (၁၀)လုံးဝယ်စားတယ် ဆိုပါစို့။ (၅)လုံးကအပုပ်ဆိုတော့ တစ်လုံး(၁၀၀၀)လို ဖြစ်မနေဘူးလား။ ပုပ်ရတဲ့အကြောင်းက မျိုး၊ ခူးပုံ၊ ထုပ်ပုံ၊ ပို့ပုံနဲ့ ထားပုံတွေကြောင့်လို့ လေ့လာသူတွေ ပြောကြတယ်။
ဒါပေမဲ့ ဘယ်သူ့ဆီကမဆို လက်ဆောင်ရတဲ့ထောပတ်သီးတွေက ထောပတ်ဘူးကြီး ဖွင့်စားရသလို ဆိမ့်အိလတ်ဆတ်နေတာဟာ စေတနာတွေကြောင့်ထင်ပါရဲ့။ ဒါ့ကြောင့် လုပ်ရကျိုးနပ်ပါဘိ။
ထောပတ်သီး
ကျောက်ကျောမှုန့်
နွားနို့
သကြား
ကျောက်ကျော(၂၅)ဂရမ်ကို ထောပတ်သီး ၃/၄လုံး သုံးသင့်ပါတယ်။ သကြားက အချိုကြိုက်တဲ့ပေါ် မူတည်ထည့်ပါ။ အရည်က ရေသန့်(၂)ဘူးကျော်ကျော် ရှိဖို့လိုပါတယ်။ ကျွန်တော်က နွားနို့သုံးထားတယ်။ အရင်ဆုံး ထောပတ်သီးမှည့်လေးတွေ ကြိတ်၊ ခြစ်၊ လှီး နှစ်သက်သလိုလုပ်ထားပါ။ ကျွန်တော်က တစ်မူထူး အောင် ခြစ်ထားလိုက်တယ်။
ကျိုတော့မယ်။ နွားနို့၊ သကြား၊ ကျောက်ကျောမှုန့်တို့ကို အိုးထဲမှာသမပြီးကျိုပါ။ ခဲမဲ့အနေအထား ရောက်ရင် နှစ်သက်ရာ ဗန်း၊ ဘူးထဲထည့်ပါ။ ပြီးရင် ပြင်ဆင်ထားတဲ့ ထောပတ်အသားတွေထည့်ပါ။ ဒါလေးပါပဲ။ ခဲသွားရင်တော့ စိတ်ကြိုက်လှီးပြီး သုံးဆောင်လို့ရပါပြီဗျာ။
ကောလိယ ဝေယံမောင်မောင်
၇.၁၁.၂၀၂၁





Comments
Post a Comment