ကျွန်ုပ်လက်ရာ ၂၇၊ ကြက်သား ခေါက်ဆွဲပြားသုပ်




 

    ခေါက်ဆွဲပြားက မြန်မာတစ်ပြည်လုံးရှိပါတယ်။ တချို့ခေါက်ဆွဲပြားက ဆတ်တောက်တောက်နဲ့ ဂီတာကြိုးလားမှတ်ရတယ်။ တချို့ခေါက်ဆွဲပြားက ဖော်မလင်တန်ခိုးနဲ့ နေ့မသိုးညမသိုးတွေ။ ဒါ့ကြောင့် ခေါက်ဆွဲကောင်းကြန်အင် အမျှင်ညက်၊ အရောင်လှ၊ အသားအိ၊ အနံ့မွှေးမှ စားလို့ကောင်းပါတယ်။

 

ခေါက်ဆွဲပြား

ကြက်သား

ကြက်သွန်ဖြူ

ကြက်သွန်နီ

သံပရာသီး

နံနံပင်

ပဲကျက်မှုန့်

ဆီ

ငံပြာရည်

ငရုတ်သီးအကြော်မှုန့်

အရောင်တင်မှုန့်

နနွင်းမှုန့်

 

            ကြက်သားကိုအရင်ချက်ပါမယ်။ ရေစင်စင်ဆေးပြီး တစ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငံပြာရည် စတာနဲ့ အရည်ချက် ချက်ပါ။ အသုပ်အတွက် ကြက်ချက်နည်းကို ပြောဖူးလို့ ပြန်ရှာပါကုန်။ ခေါက်ဆွဲက မုန့်ဖတ်ထက်ဆီစုပ်ပြီး အငန်နည်းနည်းပါပါတယ်။ ဒါကြောင့် ဆိုင်တွေမှာဆို ဆီခိုပြီး ဟင်းရည်လေးခိုးထည့်ပြီး ရွှဲရွှဲသုပ်တတ် ကြပါတယ်။ သည်လိုမဖြစ်အောင် ကြက်သားချက်ဖို့လိုတာပါ။

 

            ခေါက်ဆွဲတစ်ပွဲစာ ဇလုံထဲထည့်ပြီး ကြက်သားချက်၊ ငံပြာရည်၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်၊ ကြက်သွန်နီကွင်း၊ သံပရာသီးထည့်ပြီး လက်ကျလက်နကောင်းကောင်း နယ်ဖတ်ပါ။ ပန်းကန်ပြားထဲထည့်ပြီး ကြက်သွန်နီကွင်း၊ နံနံပင်၊ သံပရာသီးစိတ်တို့နဲ့ အလှဆင်ပါ။ ကြက်ရိုးတွေကို ဟင်းချိုလုပ်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါတယ်။ ကိုင်း… စားပါရစေအုံးဗျာ။

 

ကောလိယ ဝေယံမောင်မောင် 

၁၂.၁၂.၂၀၂၁

Comments