ဘိလပ်ရည်၊ ဘိလပ်မြေ၊ ဘိလပ်ချဉ်ပေါင်၊ ဘိလပ်ပြန်၊ ဘိလပ်ဆံထုံး၊ ဘိလပ်တံခါး၊ ဘိလပ်ကြက်၊ ဘိလတ်အုတ်၊ ဘိလပ်နံနံ (ရှမ်းနံနံ) စတဲ့ဝေါဟာရတွေ ရှိပါတယ်။ အမြောက်အမြားတော့ မရှိပါဘူး။
ဘိလပ်ဆိုတာ ဗြိတိန်နိုင်ငံကို ပြောတာပါ။ အိန္ဒိယရော၊ မြန်မာရော အင်္ဂလိပ်ကျွန်ဖြစ်ခဲ့လို့ အင်္ဂလိပ်စာ နဲ့စကား ထိတွေ့ခဲ့ရတယ်။ မြန်မာမှာ အိန္ဒိယဝေါဟာရပါ တွင်ကျယ်ခဲ့ပါတယ်။ ဟိန္ဒူများက ဗြိတိန်ကို ဝိလယပ် (Wīläyat) လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ပြောတော့ ဘိလပ်ဖြစ်လာတယ်။ ဘိလပ်နဲ့တွဲတဲ့ စကားလုံးတွေထဲက ထင်ရှားတဲ့တချို့ကို ရှင်းပြပါ့မယ်။
ဘိလပ်ရည်
ကမ္ဘာ့သက်တမ်းရင့် Vimto အချိုရည်ဆိုတာရှိပါတယ်။ V ကိုမြန်မာလို W အဖြစ် ရေးလေ့၊ ပြောလေ့ ရှိလို့ ‘ဗင်တို’ ကိုလဲ ‘ဝင်တို’ လို့ရေးဖတ်ပါတယ်။ ဝင်တိုကို ၁၉၀၈မှာ ဂျွန်နိုဝယ်နစ်ကိုးက အင်္ဂလန်(ဘိလပ်)မှာ စထုတ်တယ်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင်း ၁၉၂၀နှစ်ဆန်းမှာ နစ်ကိုးရဲ့မိတ်ဆွေက အိန္ဒိယရောက် ဘိလပ်စစ်တပ်ဖို့ ဝင်တိုတွေယူသွားတယ်။ အိန္ဒိယမှာ တံဆိပ်မှတ်ပုံတင်တယ်။ နောက်တော့ ဗြိတိသျှအင်ပါယာဖြစ်တဲ့ မြန်မာကို ဝင်တိုရောက်လာတယ်။ ဘိလပ်ကလာတဲ့ အချိုရည်မို့ မြန်မာပြည်မှာ ဘိလပ်ရည်ခေါ်ခဲ့ကြပါတယ်။ ဒီဝင်တိုက သီရိလင်္ကာတို့၊ အရှေ့အလယ်ပိုင်းဒေသတို့ပါ ပျံ့နှံ့ခဲ့ပါတယ်။
ဝင်တိုကို မြန်မာမှာ ကြော်ငြာပါတယ်။ ဘီအေဆံထုံးနဲ့အမျိုးသမီး ဝင်တိုပုလင်းနဲ့ ဖန်ခွက်ကိုင်ထားပုံ ပန်းချီနဲ့။ “သွေးအားတိုးစေသည်။ အစာကြေစေသည်သာမက မောပန်းခြင်းကိုလည်း ပြေစေနိုင်သည်။” တဲ့။ ဝင်တိုထက်စောတဲ့ ဘိလပ်ရည် မြန်မာမှာ ဖြန့်ချိမချိမပြောနိုင်ပါဘူး။ ဝင်တိုခေတ်ဦးမီသူဆို အသက်ရာကျော် ရှိပါပြီ။
ဘိလပ်မြေ
ကိုလိုနီခေတ်မြန်မာပြည်မှာ အင်္ဂလိပ်တွေ အဆောက်အဦအများကြီး ဆောက်ပါတယ်။ သူတို့တင်သွင်း ပြီး သုံးကြတဲ့ အိပ်ဆောက်တဲ့မြေမှုန့်မို့ ဘိလပ်မြေလို့ ဆိုခဲ့ကြပါတယ်။
ဘိလပ်ချဉ်ပေါင်
ချဉ်ပေါင်ကြီး၊ ချဉ်ပေါင်ခါး၊ ချဉ်ပေါင်လက်ခြား …။
ချဉ်ပေါင်လက်ခြားကို ကုန်းဘောင်ခေတ် အလောင်းမင်းတရား လက်ထက်ကတည်းက ရွှေဘိုမှာစိုက်ခဲ့ ကြတာဆိုတော့ ကြာရင့်ခဲ့ပြီ။ သူ့ကို ဆေးချဉ်ပေါင်လို့လဲခေါ်သလို ရွှေဘိုချဉ်ပေါင်လို့လဲ ခေါ်ကြသတတ်။
ရိုးရိုးချဉ်ပေါင်ကိုတော့ အင်္ဂလိပ်လို Roselle လို့ခေါ်ပါတယ်။ ဘိလပ်ချဉ်ပေါင်ဆိုတာ ဒီချဉ်ပေါင်ပါ။ ဘိလပ်သားတွေ အုပ်ချုပ်တဲ့ခေတ်မှာ တွင်ကျယ်ခဲ့ပုံရပါတယ်။ ဦးသန့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်လုပ်ဖို့ နယူးယောက်သွားတော့ ချဉ်ပေါင်မျိုးစေ့ယူသွားပြီး စိုက်စားပါသတတ်။
ဘိလပ်ပြန်
ဘိလပ်ပြန်ကတော့ ရှင်းပါတယ်။ ဘိလပ်ပြည်က ပြန်လာတာကိုခေါ်တာပါ။ ယိုးဒယားပြန်၊ ရုရှားပြန် စသဖြင့်ခေါ်သလိုပေါ့။ ဘိလပ်ပြန်ဆင်းတု၊ ပြည်ရွှေဆံတော်စေတီက ဘိလပ်ပြန်ခေါင်းလောင်း၊ အဆိုတော် ဘိလပ်ပြန်သန်း၊ ဦးလတ်ရဲ့ ရွှေပြည်စိုးဝတ္ထုထဲက ဘိလပ်ပြန် မောင်သောင်းဖေ စတာတွေနာမည်ကြီးပါတယ်။

Comments
Post a Comment