ကျွန်ုပ်လက်ရာ ၃၀၊ ရှားစောင်းလက်ပတ်ယို

 







    စိမ်းရိပ်ငြိမ်ရဲ့ ရှားစောင်းလက်ပတ်ခင်းက အမေဇုံတောလို မြိုင်ထနေတယ်။ အရင် ရှားစောင်းလက်ပတ်ချက်ဆေးလဲ ဖော်ဖြစ်ပါတယ်။ သည်တစ်ခါတော့ ပျားရည်စစ်စစ်နဲ့ယိုထိုးဖြစ်တယ်။ တကယ်ပျားရည်စစ်ကို ကမ္ဘောဇတိုင်းကနေ တကူးတကန့်ပို့တဲ့ ကိုကျော့်ကိုလဲ မှတ်ရာပြုပါတယ်။

 

ရှားစောင်းလက်ပတ်

ပျားရည်

 

            ရှားစောင်းလက်ပတ်ခွာတာ လောကကြီးကိုမေ့လောက်အောင် အချိန်သိပ်ကြာတယ်။ စတီးဇလုံကြီး တစ်လုံးစာရဖို့ ဓားနဲ့ဇွန်းကိုင်ပြီး ခွာခြစ်နေတာ အပျင်းပြေဖွင့်ထားတဲ့ ဟောလီးဝုဒ်ဇာတ်ကားတစ်ထုပ် ကုန်သွားတယ်။ ခွာအပြီး အိတုံစိမ်းတိမ်းအနှစ်တွေ ဇလုံလျှံမြင်တော့မှ ကြည်နူးရတော့တယ်။ အိုးထဲကို ရှားစောင်းလက်ပတ်နဲ့ ပျားရည်ထည့်ပြီး မီးမျှင်းမျှင်းနဲ့ကျိုတာလဲ တစ်နေဝင်သွားတယ်။ အရည်ခမ်းဖို့ အတော့်ကိုကြာပါတယ်။

 

ယိုဘယ်လောက်ရလဲဆို၊ လက်ဖက်ရည်ပန်းကန်တစ်လုံးစာ။ အချိန်အား၊ လူအား အပြည့်သုံးထားပေမဲ့ အနှစ်သာရကတော့ အဲသည်လောက်ပါ။ ဒါပေမဲ့ လျှော့တွက်လို့တော့မရဘူး။ ရှားစောင်းလက်ပတ် ဘယ်လောက်ဆေးဘက်ဝင်လဲဆိုတာ အများအသိမဟုတ်လား။ နံနက်ရောက်တော့ ဘုရားကပ်ပြီး လူကြီးတွေ ကျွေးဖြစ်တယ်။ အနံ့အရသာကတော့ အကောင်းစားဂျယ်လီထက် သာတယ်လို့ပဲ ဆိုပါရစေတော့ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၂.၁.၂၀၂၂

Comments