သွေးတက်သူတွေဖို့ နို့စိမ်းခေါက်ဆွဲက လျောက်ပတ်တယ်ပြောရမယ်။ အုန်းနို့ခေါက်ဆွဲလို အရသာလဲ ဆိမ့်နေတာ။ အအီပြေ သံပရာသီးလဲ ညှစ်စားလို့ရတယ်။ ခြံထဲက နံနံခင်းကလဲ စိမ်းစိုအုပ်ဖားနေပြီမို့ နို့စိမ်းခေါက်ဆွဲထဲ ထည့်စားရင်အကိုက်ပဲ။ သည်နေ့တော့ တစ်အိမ်သားလုံးစားဖို့ တစ်အိုးကြီးချက်ဖြစ်တယ်။
နို့စိမ်း
ခေါက်ဆွဲ
ကြက်သား
သွေးခဲ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ချင်း
နံနံပင်
သံပရာသီး
ပဲစိမ်းမှုန့်
ဆီ
အရောင်တင်
ငရုတ်သီးအလှော်မှုန့်
နနွင်း
ငံပြာရည်
အရင်ဆုံး ကြက်သားကို ဆား၊ နနွင်း၊ အရောင်တင်၊ ငံပြာရည် တို့နဲ့နှပ်ထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်းပြီးဆီသတ်ပါ။ နွမ်းသွားရင် ကြက်သားကို ဆီသတ်ပါ။ ကြက်သား လုံးသွားရင် နို့စိမ်း ထည့်ပြီး ခဏမွှေပါ။ ပြီးရင် တင်ကူးပြီး ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ရေထည့်ပါ။ အချိုအငန် လိုသလောက်ထည့်ပါ။ ကြက်သွန်နီဥသေးတွေ ကြိုက်ရင်အလုံးလိုက်နွှာထည့်ပါ။
ပွက်ပွက်စဆူလာရင် မကြာခဏမွှေမွှေပေးပါ။ ပဲစိမ်းနံ့ပျောက်ပြီး အရသာမျှပြီဆိုတာနဲ့ စားလို့ရပါပြီ။ ပြင်ဆင်ဖို့အတွက် ခေါက်ဆွဲ၊ ကြက်သွန်နီစိမ်းရိတ်ရိတ်လှီး၊ နံနံပင်၊ သံပရာသီး၊ ငရုတ်သီးအလှော်မှုန့် စတာတွေ ထည့်ရုံပါပဲ။
ကောလိယ ဝေယံမောင်မောင်
၉.၁.၂၀၂၂





Comments
Post a Comment