ကျွန်ုပ်လက်ရာ ၃၂၊ မုန်ညင်းချိုခရုဆီ

 




        ခြံမှာ မုန်ညင်းတွေစိုက်ထားလို့ စားရ၊ လက်ဆောင်ပေးရနဲ့ ကြည်နူးစရာပါ။ မုန်ညင်းချို၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ မုန်ညင်းထုပ် စတာထဲမှာ မုန်ညင်းချိုက ခရုဆီနဲ့ကြော်ဖို့ အလျော်ကန်ဆုံးပါ။ ဟိုတယ်မှာတော့ ဈေးကြီးပါတယ်။ အိမ်မှာရိုးရိုးကြော်မဲ့အစား သည်နည်းအတိုင်း ကြော်နိုင်ပါတယ်။ ကျွန်တော်ကတော့ စိမ်းဆတ်ဆတ်မဟုတ်ဘဲ အိအိလေးကြော်ထားပါတယ်။ အပင်လိုက်ကြီးအတိုင်း စိမ်းစိမ်းကြီးလိုချင်ရင်တော့ အိုးပေါ်ကနေ စောချပါ။

 

မုန်ညင်းချို

ကြက်သွန်ဖြူ

ခရုဆီ

ဆီ

ပဲငံပြာရည်

 

            မုန်ညင်းကို ရေစင်အောင်ဆေးပြီးပြုတ်ပါ။ ဘယ်ချိန်ထိပြုတ်ရမလဲ? မုန်ညင်းအိရုံလောက်ပါပဲ။ ပြီးရင် ရေထဲမှာအအေးခံပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက် ဒါမှမဟုတ် နုတ်နုတ်စင်းပါ။ ပြီးရင် ဆီနည်းနည်းနဲ့သတ်ပါ။ နွမ်းစပြုရင် ခရုဆီနဲ့ ပဲငံပြာရည်ထည့်ပါ။ မုန်ညင်းထည့်မွှေပါ။ သမသွားရင် ပန်းကန်ထဲကို မုန်ညင်းအရင်ထည့် ပြီး အပေါ်ကနေ ခရုဆီအနှစ်တွေ လောင်းပါ။ နောက်တစ်နည်းကတော့ မုန်ညင်းပြုတ်ကို ထည့်မကြော်ဘဲ ခရုဆီသတ်အနှစ်ကို အပေါ်ကလောင်းတာဖြစ်ပါတယ်။ နှစ်သက်ရာအရသာထည့်နိုင်ပါတယ်။ မုန်ညင်းချိုကို စိမ်းဖန့်ဖန့်ကြိုက်ရင် ခဏပဲပြုတ်ပါ၊ ခဏပဲကြော်ပါ။ ဒါက ရိုးရှင်းလွယ်ကူတဲ့ မုန်ညင်းချိုခရုဆီကြော်နည်းပါ။

ကောလိယ ဝေယံမောင်မောင်

၂၃.၁.၂၀၂၂


Comments