ကျွန်ုပ်လက်ရာ ၂၈၊ ပဲတောင့်ရှည်သုပ်

 





            ‘အညှာလွယ်တယ်’ တဲ့။

အသီးအနှံခူးရင် လွယ်လွယ်နဲ့ဆွတ်လို့ရတာမျိုးပေါ့။ လူမှာကျ ဆွယ်ရာပါလွယ်တာမျိုး။ မရွယ်စူးဘဲ ဖြစ်ထွန်းနေတဲ့ ပဲတောင့်ရှည်တွေက ချဉ်ပေါင်ခင်းတစ်ဝိုက် တွဲလျားဖြစ်နေတယ်။ စားခါနီးမှ စိုးခနဲဆတ်ခနဲ ချိုးရုံဖဲ့ရုံ။ သည်နေ့တော့ ပဲတောင့်ရှည်တွေကို မှည့်သော၊ စိမ်းသော ရွှေးမနေတော့ဘဲ သုပ်မဟဲ့ဆိုပြီး အကုန် ခူးထည့်လိုက်ပါတယ်။ 

 

ပဲတောင့်ရှည်

မြေပဲဆံကြော်

ကြက်သွန်နီ

ကြက်သွန်ဖြူကြော်

နှမ်း

သံပရာသီး

ငရုတ်သီးအကြော်မှုန့်

ပဲမှုန့်

ဆား

 

            ပဲတောင့်ရှည်တွေကို အလောတော်အိတဲ့ထိပြုတ်ပြီး ရေစစ်ထားပါတယ်။ အေးသွားရင် အကြောမျှင် တွေ သင်ပါတယ်။ ကြက်သွန်နီဆီသတ်ပြီး အဖတ်ရော၊ ဆီရော ပဲတောင့်ပြုတ်ထဲ ထည့်တယ်။ မြေပဲဆံကြော် ညက်ညက်လေးထောင်းထားတာ၊ ကြက်သွန်ဖြူကြော်၊ နှမ်းလှော်၊ ငရုတ်သီးအကြော်မှုန့်၊ သံပရာသီး၊ ပဲမှုန့်၊ ဆား ထည့်ပြီး သမအောင်နယ်လိုက်ပါတယ်။ သည်အသုပ်လေးက ထမင်းနဲ့စားစား၊ ရေနွေးကြမ်းနဲ့ မြည်းမြည်း အရသာသိပ်ရှိတာ။ သတ်သက်လွတ်သမားတွေအတွက်လဲ အဆင်ပြေမှာ အသေအချာပါပဲ။

 

ကောလိယ ဝေယံမောင်မောင်

၁၉.၁၂.၂၁

Comments