ယိုးဒယားလူခြောက်နှင့် ရွှေသူငယ်ရုပ်များ

 














        ယိုးဒယား လောကီအစီအရင်များ၌ ကူမန်ထောင် (Kuman Thong) မှာ ကျော်ကြား၏။ ‘ကူမန်’ မှာ ပါဠိစကား ‘ကုမာရ’ ဖြစ်ပြီး ‘ယောက်ျားကလေး’ ဟုအဓိပ္ပာယ်ရသည်။ ‘ထောင်’ မှာ ‘ရွှေ’ ဖြစ်သည်။ အင်္ဂလိပ် ဘာသာဖြင့် Golden Little Boy ဟု ဘာသာပြန်ကြသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ‘ရွှေသူငယ်ရုပ်’ ဟု မြန်မာမှုပြုခြင်းဖြစ်ပါသည်။

 

ရွှေသူငယ်ရုပ်

            ယိုးဒယားတို့က လာဘ်ဝင်ရန်၊ အောင်မြင်ရန်၊ အစောင့်အဖြစ်ထားရန် အောက်လမ်းနည်းဖြင့် စီရင်ထားသော အရုပ်များဖြစ်သည်။ ရွှေသူငယ်ရုပ်(၂)မျိုးရှိသည်ဟု ယေဘုယျဆိုနိုင်သည်။ တစ်မျိုးမှာ အခြောက်ခံသန္ဓေသားဖြစ်ပြီး ကူမန်ထောင်ဟုခေါ်သည်။ တစ်မျိုးမှာ လွတ်ထဲ (Luk Thep) ခေါ်  ကလေးရုပ် ဖြစ်သည်။ လူခြောက်ဓလေ့ဖြစ်သည့်အတွက် ရင်သွေးကဲ့သို့ အဝတ်၊ အစား ဖြည့်ဆည်းပေးရသည်။ မိမိဆန္ဒကို ကတိကဝတ်ပြု ဆုတောင်းရသည်။ ရွှေသူငယ်ရုပ်ဓလေ့သည် လာအို၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မြန်မာ စသည်ဖြင့် နိုင်ငံစုံသို့ ပျံ့နှံ့လာခဲ့သည်။

 

ပုံစံအမျိုးမျိုး

            ရွှေသူငယ်ရုပ်ဆိုသော်လည်း အရုပ်တိုင်း ရွှေရောင်မဟုတ်ပေ။ အများစုမှာ ဆံထုံးထုံး၊ စလွယ်သိုင်း၊ ခါးတောင်းကျိုက်၍ ရွှေအိုးကိုင်ထားသော ယောက်ျားလေးငယ်များ ဖြစ်သည်။ သတ္တု၊ သစ်သား၊ ပလတ်စတစ် မျိုးစုံရှိသည်။ လူခြောက်အစစ်လည်း ရှိသည်။ (၂၀၁၅)၌မူ အဝတ်အစားအပြည့် ကလေးတစ်ယောက်အရွယ် အရုပ်များ အလွန်ခေတ်စားလာသည်။

 

စီရင်ပုံ

            စိုင်ရာစက် (Saiyasat) ခေါ် ယိုးဒယားအောက်လမ်း ပညာသည်များက မိခင်ဝမ်းမှသန္ဓေသားကို ဦးစွာ ထုတ်ယူပြီး သုသာန်သို့ပို့သည်။ သန္ဓေသားခြောက်သွေ့ရန် မီးကင်ရင်း အောက်လမ်းမန္တန်များ ရွတ်ဖတ်သည်။ ခြောက်လျှင် သစ်စေးသုတ်ရွှေချသော် ရွှေသူငယ်ရုပ်ဖြစ်လာသည်။ သန္ဓေသားသည် ယောက်ျားလေးဖြစ်လျှင် ကူမန်ထောင် (Kuman Thong)၊  မိန်းကလေးဖြစ်လျှင် ကုမန်နီး (Kuman Nee) ဟုခေါ်သည်။

            တချို့အရုပ်များကိုမူ နမ်မမ်ပရိုင် (Nam Man Prai) ခေါ် တစ္ဆေဆီဖြင့် စိမ်သေး၏။ နမ်မမ် = ဆီ၊ ပရိုင် = တစ္ဆေ ဟုအနက်ရသည်။ တစ္ဆေဆီရရန် အစိမ်းသေအလောင်း၏မေးစေ့ကို မီးမြှိုက်ရသည်။ သို့သော် ရွှေသူငယ်ရုပ် စီရင်ခြင်းလုပ်ထုံးများမှာ တရားမဝင်ပေ။ ယိုးဒယား အောက်လမ်းဘုန်းကြီး တစ်ဦးကိုလည်း သန္ဓေသားကိုမီးကင်ခဲ့သဖြင့် သံဃာ့အစည်းအရုံးက ထုတ်ပယ်ခဲ့ရသည်။

 

ပလတ်စတစ် ရွှေသူငယ်ရုပ်များ

            ခေတ်အဆက်ဆက် ရွှေသူငယ်ရုပ်များမှာ သန္ဓေသားများဖြစ်သော်လည်း နောက်ပိုင်း၌ လွတ်ထဲ (Luk Thep) ခေါ် ပလတ်စတစ်ရုပ်များဖြင့် အစားထိုးလာကြသည်။ (၂၀၁၅)ခုနှစ်တွင် ယိုးဒယား၌ ထိုအရုပ်များ အလွန်ရေပန်းစားလာခဲ့သည်။ အင်္ဂလိပ်ဘာသာြဖင့် Child Angel (နတ်သူငယ်) ဟုတင်စားတတ်ကြသည်။

            ကလေးအစစ်နှင့်တူပြီး အဝတ်အစားနှင့် အဆင်တန်ဆာအမျိုးမျိုး ကျကျနနဆင်ပေးရသည်။ အရုပ်၌ ကလေးဝိဉာဉ်အောင်းရန် အောက်လမ်းဆရာ၊ အောက်လမ်းဘုန်းကြီးများထံ ချဉ်းကပ်ကြရသည်။ ပသနည်းမှာ ယခင်ရွှေသူငယ်ရုပ်နှင့်အတူပင်ဖြစ်သည်။ အနုပညာရှင်များ၊ ယုံကြည်သူလူထုကြား၌ အလွန်တွင်ကျယ်သည်။ သွားလေရာ ချီသွားကြသည်။ ကလေးတစ်ဦးကဲ့သို့ ပြောဆို၊ ကျွေးမွေးကြသည်။

            ဗီယက်နမ်၌ ယူကျုတွင်နာမည်ကျော်သော ငုယင်သီဟောင်သို (Nguyn Th Hng Thơ) ဟူသော မိန်းမငယ်ရှိ၏။ (၂၀၂၁)ခုနှစ်တွင် သူ့ထစ်ထော့၌ ရွှေသူငယ်ရုပ်ထံ ပသတောင်းဆိုနေသော ဗီဒီယိုတင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ မိဘအုပ်စုများက အပြင်းအထန် ချက်ချင်းကန့်ကွက်ကြသည်။ ဗီယက်နမ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းနိုင်ငံရေးလုံခြုံရေးဌာနက သူ့ကိုဆင့်ခေါ်ပြီး အယူသီးမှုလှုံ့ဆော်ခြင်းဖြစ်သဖြင့် ဗီယက်နမ်ငွေ (၇.၅)ဒေါင် ဒဏ်ရိုက်ခဲ့သည်။

ပလတ်စတစ်ရွှေသူငယ်ရုပ်များ မည်မျှနေရာယူသနည်းဆိုလျှင် Thai Smile လေကြောင်းလိုင်းက ရွှေသူငယ်ရုပ်ထိုင်ရန် ခုံသက်သက်ရောင်းပေးသည်။ ဧည့်ခံကျွေးမွေးသည်။ ကလေးအစစ်ကဲ့သို့ဆက်ဆံရန်ပင် လေယာဉ်အမှုထမ်းများကို သင်ကြားပေးထားသည်။

 

ရွှေသူငယ်ရုပ်နှင့် ယိုးဒယားပုံပြင်

            ရွှေသူငယ်ရုပ်အကြောင်းပြောလျှင် ဆူဖန်ဘူးရီ (Suphanburi) ဒေသ၌အခြေတည်သော ခွန်ဖန်တို့၏ ဒဏ္ဍာရီပါတတ်၏။ ခွန်ဖန်သည် ကိုယ်ဝန်ဆောင်ဇနီးကိုသတ်၍ သားလောင်းကိုထုတ်ကာ ရွှေသူငယ်ရုပ် စီရင်ခဲ့သည်။ ထိုဇာတ်ကြောင်းကို ယိုးဒယား၌ Wanthong အမည်ဖြင့် ဇာတ်လမ်းတွဲရိုက်ပြီး (၂၀၂၁)ခုနှစ်က ပြသခဲ့သည်။ ထို့ပြင် (၂၀၂၁)ထုတ် ရွှေသူငယ်ရုပ်ကိုးကွယ်သူ အနုပညာရှင်များအကြောင်း ဗီယက်နမ်ရုပ်ရှင် The Guardian မှာလည်း ထင်ရှားသည်။

 

ရွှေသူငယ်ရုပ်အတွက် လူသတ်သူများ

            ရွှေသူငယ်ရုပ်ကို သန္ဓေသားအစစ်ဖြင့် စီမံလိုသူများ၏ လူသတ်၊ လူယက်၊ ခိုးယူခြင်းများလည်းရှိသည်။

လာအို၌ (၂၀၁၁)ဇန်နဝါရီတွင် (၃၈)နှစ်အမျိုးသားက (၂၄)နှစ်အရွယ် ကိုယ်ဝန်သုံးလရှိဇနီးကို သတ်ခဲ့သည်။ ဇနီးကို ဆင်ဝှမ်းပြည်နယ် အရှေ့မြောက်သစ်တောသို့ ခေါ်သွားသည်။ ထို့နောက် နောက်ကျောကို ပုဆိန်ဖြင့်ခုတ်ပြီး သန္ဓေသားကိုထုတ်သည်။ ရဲများစစ်မေးသော်လည်း သန္ဓေသားထားသည့်နေရာ လုံးဝမပြော။ သုံးသပ်ချက်အရ အလွန်မြင့်သောဈေးဖြင့် ရောင်းခြင်းဖြစ်နိုင်ပြီး ကြံရာပါများလည်း ရှိနိုင်သည်ဆိုသည်။ ထိုသတင်းမှာ ဗီယင်ကျန်းတိုင်း(မ်) သတင်းစာ၌ ဟိုးလေးတကျော်ဖြစ်ဖူးသည်။

            (၂၀၁၂)တွင် ယိုးဒယား၌ ယောက်ျားလေးသန္ဓေသားများ မီးကင်ရွှေချရောင်းသည့် ဝဘ်ဆိုက်ရှိခဲ့သည်။ ရဲများသတင်းရ၍ ဟိုတယ်သို့ဝင်စီးရာ အသက်(၂၈)နှစ် ထိုင်ဝမ်လူမျိုး Chow Hok Kuen ကို ခရီးဆောင် သေတ္တာတွင်းထည့်ထားသော ရွှေသူငယ်ရုပ်(၆)ရုပ်နှင့်တကွ ဖမ်းဆီးရမိခဲ့သည်။ ထိုသူက တစ်ရုပ်လျှင် ထိုခေတ်ပေါက်ဈေး ဒေါ်လာ(၆,၃၀၀)ဖြင့် ထိုင်ဝမ်၌ ရောင်းရန်စီစဉ်ထားခြင်းဖြစ်သည်။

            ရွှေသူငယ်ရုပ်နှင့်ပတ်သက်သော ဒုစရိုက်မှုများအနက် တချို့ကိုသာ ထုတ်ဖော်နိုင်သေးပြီး အများစုမှာ တရားမဝင်ဈေးကွက်အတွင်း ရှိနေဆဲဟုသိရသည်။

 

ကောလိယ ဝေယံမောင်မောင်

၂၀.၅.၂၀၂၂

Comments