၅၀၊ မြဝတီမြို့ (၂)မြို့ရှိ၏


 

        ‘မြဝတီမင်းကြီးဦးစ’ကို အများကြားဖူးကြပါတယ်။ ဒါပေမဲ့ ယိုးဒယားနယ်စပ် မြဝတီမြို့ဟာ ဦးစနဲ့ မဆိုင်ပါဘူး။ ဦးစရဲ့မြဝတီမြို့က သတ်သတ်ပါ။ ယိုးဒယားနယ်စပ်မြို့ကို ဦးစရဲ့မြို့လို့ ထင်ခဲ့ကြလို့လားမသိဘူး။ ဒီမြို့မှာ(၁၉၅၇)က ‘ဦးစပန်းခြံ’ ဖွင့်တယ်။ နောက်တော့ အာဇာနည်ပန်းခြံ ဖြစ်သွားတယ်။ (၂၀၂၁)ဇူလိုင်(၁) ကျတော့ ဦးစပန်းခြံ ပြန်ဖြစ်တယ်။ ဒီမြဝတီနှစ်ခုဟာ တစ်ခုက မြို့ကနေရွာဖြစ်လာခဲ့ပြီး၊ တစ်ခုက ရွာကနေ မြို့ဖြစ်သွားခဲ့ပါတယ်။

 

ဦးစရဲ့ မြဝတီမြို့က ဘယ်မှာလဲ

            မကွေးတိုင်းမှာ ရှိပါတယ်။ မြန်မာနှစ်(၁၁၉၀)မှာ ဘကြီးတော်(ခ)စစ်ကိုင်းမင်းက ဦးစကို အပိုင်စား ပေးခဲ့တာပါ။ ဒါ့ကြောင့် မြဝတီမင်းကြီးဦးစ လို့တွင်ပါတယ်။ အပိုင်စားပေးသူ ဘကြီးတော်မင်းရဲ့ ခမည်းတော် ဘိုးတော်ဘုရား(ခ)ဗဒုံမင်းဟာလဲ အိမ်ရှေ့စံဘဝတုန်းက ဗဒုံမြို့နဲ့ မြဝတီမြို့ကို စားခဲ့ဖူးပါတယ်။ ဘိုးတော် လက်ထက် စစ်တမ်းကောက်စဉ်က မြဝတီမြို့မှာ ရွာသူကြီး(၁၄)နယ်၊ မြို့သူကြီး(၁)နယ်ပါပါတယ်။ ဧရာဝတီနဲ့ မတဲမြစ်ဆုံတဲ့ ဒေသမှာရှိပါတယ်။

မြန်မာနိုင်ငံသူ့ကျွန်ဖြစ်တော့ မြဝတီမြို့ကို သရက်ခရိုင်၊ ကံမမြို့နယ်ရဲ့ ရွာလေးတစ်ရွာအဖြစ် အင်္ဂလိပ် တွေ သတ်မှတ်လိုက်ကြတယ်။ (၂၀၁၄)သန်းခေါင်စာရင်းအရ မြဝတီရွာအုပ်စုမှာ လူဦးရေ(၈၁၄)ဦးရှိပါတယ်။ မြို့ကနေ ရွာဖြစ်သွားတဲ့ မြဝတီကို ဂူးဂဲလ်မှာ မြေပုံညွှန်းစနစ် 18°5902N 95°0711E နဲ့ ကြည့်နိုင်ပါတယ်။

 

ယိုးဒယားနယ်စပ်က မြဝတီမြို့

            ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ ပါဝင်ပါတယ်။ ရှေးတုန်းကရွာလေးပါ။ မုတ္တမမွန်ဘာသာနဲ့ ‘ကွန်ဘရဲ့ ဖတိုင်’၊ ပဲခူးမွန်ဘာသာနဲ့ ‘ကွမ်ဖရဲ့ပတီ’ လို့ခေါ်ကြောင်းသိရပါတယ်။ မြန်မာအဓိပ္ပာယ်က ‘သဲအေးမြ’ ရွာတဲ့။ နာမည်က နောက်ပိုင်းကျ မွန်တစ်ဝက်၊ မြန်မာတစ်ဝက် ဖြစ်လာတယ်။ သဲအေးမြထဲက ‘မြ’ နဲ့ ‘ပတီ’ ပေါင်းပြီး ‘မြပတီ’ ဖြစ်တယ်။ နောက်တော့ ‘မြဝတီ’ ဖြစ်လာတယ်။ ဘုရင့်နောင်လက်ထက်မှာတော့ ‘အမြဝတီ’ လို့ ရေးခဲ့ကြောင်း သိရပါတယ်။

             (၁၈၂၄)မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တယ်။ တနင်္သာရီကိုသိမ်းတယ်။ မြဝတီကိုလဲ သိမ်းတယ်။ အဲဒီခေတ် ယိုးဒယား၊ ဇင်းမယ်တို့နဲ့ ကုန်သွယ်ကတည်းက မြဝတီလမ်းကို သုံးခဲ့ကြပါတယ်။ မြဝတီရွာဟာ နှစ်ပရိစ္ဆေဒကြာပြီးနောက် ကုန်သွယ်မှုအချက်အချာကျတဲ့ နယ်စပ်ဒေသဖြစ်လို့ မြဝတီမြို့ကြီး ဖြစ်ခဲ့ပါတယ်။ (၂၀၁၄) သန်းခေါင်စာရင်းအရ လူဦးရေ (၁၁၃,၁၁၅)ဦးရှိတယ်လို့ မှတ်ရပါတယ်။

 

ကောလိယ ဝေယံမောင်မောင်
၂၄.၅.၂၀၂၂
 

 

Comments