![]() |
| ရှေးမြန်မာ့ ဒူးရင်းသီးသည်(၂)ဦး |
ဒူးရင်းဟု အဘယ့်ကြောင့်ခေါ်သနည်း
‘ဒူးရင်း’ ကို မြန်မာစကားဟုထင်တတ်ကြ၏။ အင်္ဂလိပ်စာသမားများကလည်း အင်္ဂလိပ်စကားလုံး Durian ၏အသံထွက်ကို ပြန်ရေးသည်ဟု ထင်ကြသည်။ အမှန်မှာ မလေးရှားစကား Dūrī ဖြစ်သည်။ ‘ဆူး’ ဟု အနက်ရပြီး ဆူးများရံဝိုင်း ထားသဖြင့် Durian ခေါ်သည်။ အပင်လေ့လာသော ရုက္ခဗေဒ၌လည်း ဆူး၏ဂုဏ်ကိုစွဲ၍ ဒူးရင်းမျိုးစုကို Durio ခေါ်သည်။
![]() |
| ယိုးဒယား ဒူးရင်းသီးသည်တစ်ဦး |
ပါးစပ်ရာဇဝင်မှ ဒူးရင်းသီးခေါ်ပုံ
ဂေါတမဘုရား ဝါတော်(၁၁)၌ ထားဝယ်ဒေသ၊ ကျောက်ထောင့်ရွာအနီး ကဏန်းတောင် (ထိုခေတ် ဝေမိဿကတောင်) ကြွသည်ဆို၏။ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့ ဖူးသည်ဆိုသည်။ ‘ဒူရက’ နတ်သားဆပ်ကပ်သည့် နတ်သစ်သီး၏ အစေ့ကိုစိုက်ရင်း ‘ဒူးရင်းသီး’ ဖြစ်လာပြီး၊ ကုမ္ဘဏ္ဍနတ်ဘီလူး ကပ်သောအသီးကို ‘စုမ္ပိယ’ မှ ‘စောင်ပဒ’ ပိန္နဲသီးဖြစ်လာသည် ဆိုသည်။
ဗုဒ္ဓဝင်မှတ်တမ်းကို လေ့လာလျှင်မူ ဂေါတမဘုရားသည် ဝါတော်(၁၁)တွင် နာဠအမည်ရှိ ပုဏ္ဏားရွာ အတွင်းက နာဠိကာရုံကျောင်း၌ သီတင်းသုံးနေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထားဝယ်ဒေသကို ကြွရောက်ခဲ့ခြင်း မရှိပေ။
ဒူးရင်း၏ ဇာတိများ
ဒူးရင်းမျိုး(၃၀)ခန့်သည် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ယိုးဒယား ဇာတိဖြစ်ပြီး (၁၁)မျိုးကို စားနိုင်သည်။ ကမ္ဘာအနှံ့ရောင်းချသောဒူးရင်းမှာ ဘော်နီယိုနှင့် စူများတြားမျိုးရင်း Durio zibethinus ဖြစ်သည်။
![]() |
| လက်ဆောင်ရသော ဒူးရင်းသီး |
ဒူးရင်းသီးနှင့် ကျန်းမာရေး
ဒူးရင်းသီး၌ ကယ်လိုရီ၊ အဆီဓာတ်၊ ကာဘွန်ဟိုက်ဒရိတ်၊ ဖိုက်ဘာ၊ ပရိုတိန်း၊ ဗိုက်တာမင်စီ၊ ဘီဝမ်း၊ ဘီစစ်၊ မန်ဂနိ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ် စသောဓာတ်များပါဝင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသည်။ ဒူးရင်းစေ့၌ ဖိုက်ဘာ၊ ဇင့်၊ ကယ်ဆီယမ်နှင့် ကာဘွန်ဟိုက်ဒရိတ်တို့ ကြွယ်ဝသည်။ မလေးရှား၌ အသီးသာမက အရွက်၊ အခေါက်၊ အမြစ်တို့ကိုလည်း ဆေးအဖြစ်သုံးသည်။
ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ပိုးမွှားရောဂါ၊ သွေးတွင်းအချိုဓာတ်များအတွက် အထူးကောင်းမွန်သည်။ အရက်၊ ကဏန်း၊ အချိုများသောအစားအစာများနှင့် တွဲဖက်မစားသင့်။ ဆီးချိုသမားများ ချင့်ချိန်ရန်လိုကြောင်း ဆေးသုတေသီများ လမ်းညွှန်ထားသည်။
![]() |
| ဒူးရင်းမီးဖုတ် |
မြန်မာ့သမိုင်းနှင့် ရှေးစာပေမှ ဒူးရင်း
အထောက်အထားခိုင်လုံသော မြန်မာ့သမိုင်းနှင့်စာပေ၌ ဒူးရင်းသီးနှင့်ပတ်သက်သော အကြောင်းအရာ အချို့တွေ့ရသည်။
ဘိုးတော်ဘုရား
ဘိုးတော်ဘုရား၏ (၁၈၁၇)၊ ဇူလိုင်(၂၈)အမိန့်တော်၌ ဗန်းမော်မြို့ဝန်အား နေပြည်တော်ဆင့်ခေါ်ပြီး လက်ဆောင်တော် မင်းဂွတ်နှင့် ဒူးရင်းပင်များကို ကင်းဝန်နေမျိုးသူရက ကြီးကြပ် ယူဆောင်လာရန် ပါရှိသည်။ ဟံသာဝတီမြို့ဝန်သည် ဟံသာဝတီဥယျာဉ်တော်မှထွက်သော ဒူးရင်းသီးများကို ဘိုးတော်ဘုရားအား နှစ်စဉ်ဆက်သရသည်။
မင်းတုန်းမင်း
မင်းတုန်းမင်းအား ဝန်ရှင်တော် အာသာဖယ်ရာက (၁၂၁၆)၊ ဝါခေါင်လဆန်း(၁၀)ရက် (၁၈၅၄)၌ ဒူးရင်းသီး(၂၅၀)ကျော် လှေဖြင့်ဆက်သသည်။ မင်းတုန်းမင်းက လှေသားများကို ပိုးသားပုဆိုး ခေါင်းပေါင်းများ ချီးမြှင့်တော်မူသည်။ မင်းတုန်းမင်းက ဒူးရင်းစိုက်ရန် မန္တလေး၊ ရတနာမဉ္စူဘုရားအနီးနှင့် ရှမ်းပြည် သုံးဆယ်မြို့ တို့၌ ဥယျာဉ်တော်နှစ်ခုကို ပြုစုစေသည်။ ဥယျာဉ်တော်သား (၃၀)ဦး လစာ(၁၇၂)ကျပ် ငါးမူး ပေးသနားခဲ့သည်။
သီပေါမင်း
သီပေါမင်းလက်ထက် (၁၈၈၅) ခုနှစ်၌ မန္တလေးရတနာပုံနေပြည်တော်မှ အမှုထမ်းများ မော်လမြိုင်သို့ သွားကာ တောင်ဝိုင်း၊ သွေးသောက်ရွာ၊ စမ်းကြီး၊ ဂွေးကုန်း၊ အင်းဝိုင်း၊ သရက်ကုန်း၊ စျေးကြို၊ ကွမ်းရေကန်၊ မဟာမြိုင်၊ မြေနီကုန်း တို့မှထွက်သော အသီးအနှံများ ဝယ်ယူခဲ့သည်။ ကာနယ်စလေဒင်၏ စာစုများထဲမှ “ဒူးရင်းတော်ဖိုး ငွေစာရင်းဘုရား” ကို သမိုင်းပညာရှင် ဒေါ်ကြန်က ပြန်လည်ရေးသားခဲ့သည်။
ဒူးရင်းသီး(၁၀)လုံး (၈)ကျပ်ဖြင့် အလုံး(၂၄၀၀)၊ မင်းဂွတ်သီးအလုံး(၁၀၀) (၆)ကျပ်ဖြင့် အလုံး (၄၀၀၀)၊ တညင်းသီး(၁)တင်း (၇)ကျပ်ဖြင့် (၂၁)တင်းဖြင့် (၂၃၀၇)ကျပ်ဖိုး ဝယ်ယူခဲ့သည်။ ပို့ဆောင်ခမှာ ဥယျာဉ်ခြံ - လှေဆိပ်ကူလီခ (၄၅)ကျပ်၊ မော်လမြိုင် - ရန်ကုန်သင်္ဘော (၂၅၀)ကျပ်၊ ရန်ကုန် - ပြည် မီးရထား (၃၀၀)ကျပ်၊ ပြည်ဘူတာ - သင်္ဘောဆိပ်ကူလီခ (၅၀)ကျပ်၊ ပြည် - မန္တလေး စောပုအမည်ရှိ သင်္ဘောစင်းလုံးငှား (၅၀၀၀)ကျပ်ဖြင့် သယ်ယူခ (၅၈၃၈) ကျပ်ကျသည်။ အသီးဖိုးနှင့် သယ်ယူခစုစုပေါင်း (၈၁၄၅)ကျပ်ဖြစ်သည်။
စလေ ဦးပုည
စလေဦးပုည မြန်မာနှစ် (၁၂၀၀)ကျော်ခန့်ကရေးသော ဒူးရင်းတော်ဆက် လှေတော်သံရှိသည်။
“မန်းမြစကြာ၊ မြစ်ဧရာလမ်းမှာလေလေ၊ ဥဒေါင်းပျံကာသန်းပါလို့၊ စံခန်းကွေ့မြစ်၊ ဒူးရင်းတော်ဆက် ကိုလေး၊ ဆန်တက်မည်ရေး၊ နေ့ရက်မကြာ၊ ပြည်ဟင်္သာစွန်းကဖြန့်ချီ၊ ခရာစုံနှောယှက်ပွေလီ၊ မိုးချုပ်နာရီ၊ ဆားမလောက်ဆီမြင်ပြီပဲ။ အိုသည်ကနွဲ့ပါလို့၊ ဆင့်ကဲခုခုတ်ပြန်လေလျှင်၊ ထွက်လုမြစ်ပြင်၊ မိုးမသောက်ခင်၊ မြစ်ပြင်အကူးမှာလေလေ၊ ကပ္ပီမာလိန်မှူးငယ်တို့၊ ကြည်နူးဖွယ်ပ၊ ရောက်လွယ်အောင်ခဲကြတယ်လေ၊ အိပ်ပဲသူနိုး။”
![]() |
| လက်ဆောင်ရသော ဒူးရင်းသီး |
ပါးစပ်သမိုင်းမှ ဒူးရင်းပုံပြင်
တစ်ချိန်က ဒူးရင်းသီးကို ဘုရင့်မိသားစုသာ စားရသည်ဆိုသည်။ စားပြီးလျှင် အစေ့ကို အရေအတွက် နှင့်ပြန်သိမ်းသည်ဆိုသည်။ အင်းဝနေပြည်တော်၌ ဘုန်းကြီးဆွမ်းကပ်ရာ ကရင်လူမျိုး ရှင်နန္ဒမာလာခေါ် ဖူ့တာမိုက်က ဒူးရင်းသီးတစ်စေ့ခိုးပြီး ကရင်ပြည် လောင်းကိုင်ရွာ အနီး ဖါးကျတောင်တန်း၌ စိုက်ခဲ့သည်ဆိုသည်။
အင်းဝဘုရင် ယိုးဒယားသို့စစ်ချီသော် ဖူ့တာမိုက်စိုက်သော ဒူးရင်းပင်များ ဒေါနတောင်တန်း၌ အလွန်အမင်းပွားနေသည်မြင်၍ ခုတ်သတ်စေရာ များလွန်းသဖြင့် မကုန်ဟုဆိုသည်။ ထိုအချိန်မှစ၍ ကရင်၌ ဒူးရင်းများပေါ်ပေါက်ပြီး ဒူးရင်းစေ့ခိုးခဲ့သည့် ဖူ့တာမိုက်ကို ကျေးဇူးရှင်အဖြစ်ကိုးကွယ်ကာ နှစ်စဉ်ဒူးရင်းပွဲတော် ကျင်းပသည်ဆိုသည်။
စာရေးသူ၏အမြင် တင်ပြရလျှင် ယုတ္တိမရှိဟု ယူဆပါသည်။ အကြောင်းများမှာ-
· အင်းဝ၌ ဒူးရင်းမထွက်ပါ။
· ဖူ့တာမိုက်က ဒူးရင်းစေ့ခိုးစိုက်သည်ဆိုလျှင် တောင်ပေါ်ရှိဒူးရင်းပင်များကို ဖူ့တာမိုက်စိုက်သည်ဟု မြန်မာဘုရင်မသိနိုင်ပါ။
· ဒူးရင်းတစ်စေ့စိုက်ရုံဖြင့် ခုတ်မနိုင်အောင်ပွားသော အပင်များမပေါက်နိုင်ပါ။
· အစေ့ပေါက်ဒူးရင်းမှာ အသီးသီးရန် နှစ်များစွာကြာ၏။ ထိုအသီးမှအစေ့များ ပြန်စိုက်သည်ဆိုပါစို့။ ထိုဘုရင်သက်တမ်းအတွင်း ခုတ်မနိုင်သောဒူးရင်းပင်များ ပြန်မပေါက်နိုင်ပါ။
· ဤပုံပြင်သည် ရဟန်းကပစ္စည်းခိုးခြင်း၊ မြန်မာ-ကရင် သွေးကွဲစေခြင်း၊ ယုတ္တိမတန်ခြင်းများ ပါဝင်သောကြောင့် ချင့်ချိန်ယုံကြည်ရန် လိုအပ်ပါသည်။
· ပိုးကရင်သမိုင်း၌ထင်ရှားသော ဆရာတော်ကြီးဖူ့တာမိုက်ကို ရိုသေစွာကန်တော့ပါသည်။
![]() |
| လူ(၇)ဦးဖက်စာကြီးပြီး နှစ်(၃၀၀)မျှသက်တမ်းရှိသော အင်ဒိုနီးရှားရှိ ဒူးရင်းပင်ကြီး |
ဒူးရင်းပြည် (သို့မဟုတ်) မလေးရှား
မလေးရှားသည် ဒူးရင်းပြည်ဟုဆိုရလောက်အောင် အစဉ်အလာကောင်း၏။ ယိုးဒယားထက်သာ၏။ စင်္ကာပူ၊ တရုတ်တို့ကိုပါ ပို့ရသည်။ မလေးရှား သစ်သီးခြံသမားများက သစ်သီးဝလံပြိုင်ပွဲ၌ ဒူးရင်းသီးများကို အကြိတ်အနယ်ပြိုင်ကြသည်။ ယင်းတို့မှ(၁၃)မျိုးသည် အရောင်၊ အသား၊ အနံ့၊ အရသာကောင်းခြင်း၊ ထွက်နှုန်းမြင့်ပြီး ရောဂါအမျိုးမျိုးဒဏ် ခံနိုင်ခြင်းကြောင့် ကျော်ကြားသည်။
နိုင်ငံအလိုက် ထိပ်တန်းဒူးရင်းမျိုးများ
မလေးရှား
မလေးရှား၏ ပထမတန်းဒူးရင်းမှာ မူဆန်းကင်း (Musang King) ဖြစ်သည်။ (၂၀၂၁)တွင် တစ်ပေါင်ကို ၃၂.၅၀ ဒေါ်လာတန်သည်။ ထို့ကြောင့် တစ်ပေါင်လျှင် (၁၄.၂၉)ဒေါ်လာတန်သော အကောင်းစား ပုစွန်တုပ်ကြီး သည် မူဆန်းကင်း၏ ဈေးတစ်ဝက်ပင် မရှိတော့။ စင်္ကာပူ၌ မူဆန်ကင်းကို မော်ရှန်ဝမ် (Mao Shan Wang) သို့မဟုတ် Black Gold Durian (ရွှေမည်းဒူးရင်း) ဟုခေါ်သည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှား၌ ဒူးရင်းအမျိုးပေါင်း (၁၀၃)မျိုးနှင့်အထက်ရှိသည်။ Durio zibethinus ခေါ်သောဒူးရင်းမှာ အကျော်ကြားဆုံးဖြစ်သည်။ အရှေ့ဂျာဗားရှိ လူမာ့ဂျန်း (Lumajang)ဒေသ၌ နှစ်(၃၀၀)ခန့်ရှိမည်ခန့်မှန်းသော လူ(၇)ဦးဖက်စာရှိ ဒူးရင်းပင်ကြီးရှိသည်။
ယိုးဒယား
ယိုးဒယား၌ အစိုက်အများဆုံး ဒူးရင်း(၅)မျိုးရှိသည်ဟုဆိုသည်။ မွန်ထောင်ဒူးရင်း (Mon Thong) မှာ အသားပြည့်ခြင်း၊ အစေ့သေးခြင်း၊ အရသာညက်ခြင်း၊ အနံ့မျှခြင်းတို့ကြောင့် ရေပန်းအစားဆုံးဖြစ်သည်။ ကျန်ဒူးရင်းများမှာ Chanee, Kan Yao, Ruang နှင့် Kradum တို့ဖြစ်သည်။
မြန်မာ
မြန်မာ၌မူ Durio burmanicus နှင့် Durio mansoni ဟူသော ဒူးရင်း(၂)မျိုးပေါက်သည်ဟု စစ်တမ်း၌ ဖတ်ရသည်။ နောက်ပိုင်း၌ ပြည်ပမျိုးများ စိုက်ပျိုးလာကြသည်။ မြန်မာ၌ ဒူးရင်းအများဆုံးထွက်သောဒေသမှာ မြိတ်ခရိုင် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းဖြစ်ပြီး ဧပြီမှဩဂုတ်အတွင်း ထွက်ကြောင်း မှတ်သားရသည်။
![]() |
| မလေးရှား ဒူးရင်းစိုက်သူများကို ဘဝပျက်စေခဲ့သော စာချုပ်ချုပ်စဉ် |
ဒူးရင်းအတွက် ပြည်သူ့ဘဝဖျက်ခဲ့သော
မလေးရှားတော်ဝင်မိသားစုနှင့် အစိုးရ
လူတစ်သိန်းမျှနေသော ရောက်မြို့နယ် (Raub Township) မှာ မလေးရှား၏ ဒူးရင်းမြို့တော်ဖြစ်၏။ တရုတ်သို့ အများဆုံးရောင်းချရသည်။ တရုတ်ကို ဒူးရင်းသီးပို့ကြသည်မှာ ငှက်ပျောသီး၊ ချယ်ရီသီးပို့သည့် တန်ဖိုးထက် အဆများစွာမြင့်သည်။ ဒေသခံများမှာ ဘိုးစဉ်ဘောင်ဆက် ဒူးရင်းဖြင့် အသက်မွေးကြသည်။ သို့သော် ၂၀၂၀၊ ဇူလိုင်ရောက်သော် သူတို့အိပ်မက်များ ပျက်စီးတော့သည်။
ရောက်မြို့နယ်၌ ပီဟန်ပြည်နယ်ရှိသည်။ ပြည်နယ်အစိုးရက မြေဧကငါးထောင်ကျော်ကို မလေးရှား တော်ဝင်မိသားစု၏ ဒူးရင်းအုပ်စု (Royal Pahang Durian Group) အား ငှားလိုက်သည်။ ဒူးရင်းဈေးကွက်ကို တော်ဝင်မိသားစုနှင့် အစိုးရပေါင်း၍ လက်ဝါးကြီးအုပ်ခြင်းဖြစ်သည်။ (၂၀၃၀)၌ ပြည်ပသို့ဒူးရင်းတင်ပို့မှု (၅၀) ရာနှုန်းတက်ရန် ဒူးရင်းစနစ်တကျ ပြန်စိုက်မည်ဆိုကာ သက်တမ်းရင့်ဒူးရင်းပင် (၁၅,၀၀၀)ကို အရင်းမှစ၍ ခုတ်လှဲပစ်လိုက်သည်။
စိုက်သူများမှာ ရွေးစရာ(၂)ခုသာရှိတော့သည်။ တစ်ခုမှာ ဒူးရင်းမြေမှထွက်ခွာရန်၊ တစ်ခုမှာ အသိမ်းခံ ဒူးရင်းခြံများ၌ နှစ်(၃၀)ကျွန်ခံရန်ဖြစ်သည်။ စိုက်သူများကူရာမဲ့ဖြစ်ချိန်၌ နိုင်ငံရေးသိသူ Chou Yu Hui က ဦးဆောင်ဆန္ဒပြပေးခဲ့သည်။ ဤဖြစ်ရပ်များမှာ မလေးရှားဒူးရင်း ‘မူဆန်ကင်း’ ကို (၂၀၁၃)မှ (၂၀၁၇)အတွင်း တရုတ်ဝယ်လိုအား မြင့်တက်ခြင်းကြောင့် စတင်ခဲ့သည်။
![]() |
| အင်ဒိုနီးရှားက သဘာဝ ဆူးမဲ့ဒူးရင်းသီး |
အင်ဒိုနီးရှားက ဆူးမဲ့ဒူးရင်း
ရင်ဂျာနီတောင်တန်း (Mount Rinjani) အနီး၌ ထရင်ဂါးလက်ရွာ (Trenggalu) ရှိ၏။ မိသားတစ်စု၏ ဒူးရင်းပင်က ဆူးမဲ့ဒူးရင်းများ သီးသည်။ အဆိပ်ရှိမည်ထင်၍ မိဘများမစားရဲသည်ကို သားဖြစ်သူက စမ်းစားပြီး ပုံမှန်ဒူးရင်းအရသာရှိကြောင်း သိသွားသည်။ ထို့နောက် စိုက်ပျိုးရေးဌာနကို အကြောင်းကြားသည်။
(၂၀၀၇)၌ စိုက်ပျိုးရေးဝန်ထမ်းများက ဆူးမဲ့ဒူးရင်းကိုင်း(၄၀)ကို အနားရှိဒူးရင်းပင်များပေါ် ဆက်ရာ (၁၂)နှစ်ကြာ၌ အသီးများစသီးသည်။ သို့သော် အပွင့်၏(၂)ရာခိုင်နှုန်းမျှသာ သီးသည်။ ကိုင်းကူးစဉ်က အစေ့ (၂၃,၀၀၀)ကို တခြားဒေသ၌ စိုက်စေခဲ့သေးသည်။ ထိုဒူးရင်းပင်များက အထီးနှင့်အမအပွင့်များ နီးကပ်စွာရှိမှ ပေါက်ပြီး မျိုးဗီဇပျက်လက္ခဏာဖြစ်သည်။
ဖိလစ်ပိုင်၌ (၁၉၅၀)နှင့် (၁၉၅၄)ခုနှစ်များ၌ ဆူးမဲ့ဒူးရင်းပင် တွေ့ရှိခဲ့ပြီးဖြစ်သည်။ ဆူးမဲ့ဒူးရင်းကို Bald Durian သို့မဟုတ် Durian Gundul ဟုခေါ်သည်။
ဘတ်(၁.၅)သန်းဖြင့် လေလံအောင်သော ဒူးရင်းသီး
ယိုးဒယားပြည် နွန်ထာဘူရီမြို့ (Nonthaburi)၌ သီရိဒုံမင်းသမီး၏ လမ်းညွှန်မှုဖြင့် အပင်များ ထိန်းသိမ်းရန်၊ ဒူးရင်းစိုက်သူများ ဝင်ငွေတိုးရန်ကျင်းပသော ဒူးရင်းပွဲတော်ရှိသည်။ ထိုပွဲ၌ (၂၀၁၉)ခုနှစ်က ကန်ညိုဒူးရင်း (Kanyo) တစ်လုံးသည် ယိုးဒယားငွေ(၁.၅)သန်းဖြင့် လေလံအောင်ခဲ့ဖူးသည်။ ထိုပွဲ၌ လေလံတင် ဒူးရင်းသီးများကို ကတ္တီပါခေါင်းအုံးဖြင့် ဆောင်ယူပြသရသည်။
![]() |
| ဗလမောင်များနှင့်ရောင်းသော ဒူးရင်းသီး |
ဗလမောင်များဖြင့် ဒူးရင်းသီးရောင်း
(၂၀၂၀)ပြည့်နှစ်အတွင်း ကိုဗစ်ကြောင့် ယိုးဒယားအနှံ့ လုပ်ငန်းများပိတ်ခဲ့ရသည်။ ဇင်းမယ်ဒေသက သယ်ယူပို့ဆောင်ရေးလုပ်သူ Eddy Nattapong Panastien က အားကစားရုံပိုင်ရှင် သူ့အစ်ကိုနှင့် စားသောက်ဆိုင်ရှင် သူငယ်ချင်းတို့နှင့်အတူ အကြံထုတ်သည်။ ထို့နောက် အားကစားရုံက ဗလမောင်များကို အင်္ကျီချွတ်တန်ချွန်၊ ဗလမယ်များကို ဗိုက်သားပေါ်အင်္ကျီ ဝတ်တန်ဝတ်စေပြီး ဒူးရင်းသီးကိုင်တွယ်နေပုံများ တင်၍ရောင်းချရာ အလွန်အောင်မြင်ခဲ့သည်။ ထိုပုံများမှာ မြန်မာပြည်ပါပျံ့နှံ့လာပြီး လူမှုကွန်ရက်၌ ရေပန်းစားခဲ့သည်။
![]() |
| ဒူးရင်းမီးဖုတ်ရောင်းသူ |
အာကာသခရီး၌ ဒူးရင်းသီးသယ်မည်
ယိုးဒယား အာကာသသုတေသနအေဂျင်စီက အာကာသခရီးဖို့ အစားအစာများစီစဉ်ရာ၌ ဒူးရင်းသီး ထည့်သွင်းထားကြောင်း (၂၀၁၈)ဧပြီက ကြေညာဖူးသည်။ ဇူလိုင်၌ ၎င်းတို့စားလေ့ရှိသော ဒူးရင်းမီးဖုတ်ကို အာကာသသို့ ဒုံးပျံနှင့်ပို့မည်။ ကမ္ဘာသို့မပြန်မီ (၅)မိနစ်ခန့်၌ ဒူးရင်းမီးဖုတ်အနေအထား ပြောင်းခြင်းရှိမရှိ လေ့လာမည်ဆိုသည်။ နောင်၌ ယိုးဒယားစားဖွယ် ဖတ်ထိုင်းခေါက်ဆွဲကြော်၊ ကောက်ညှင်းသရက်သီးတို့ကိုပါ ပို့ရန်စီစဉ်ခဲ့သည်။
![]() |
| ဒူးရင်းသီး |
ဒူးရင်းစေ့ဈေးကွက်
ဒူးရင်းစေ့ကို စားခြင်း၊ ကော်လုပ်ခြင်း၊ ပျိုးခံအောက်ခံအဖြစ် သုံးခြင်းများရှိသည်။ ယိုးဒယားက မြန်မာနိုင်ငံ၊ မြိတ်ဒေသထွက် ဒူးရင်းစေ့များကို (၂၀၁၇)ခန့်မှစ၍ ဝယ်ယူခဲ့သည်။ ဝယ်ရောင်းသမားများက မည်းခြင်း၊ ကွဲခြင်း၊ အညှောင့်ပေါက်ခြင်းမရှိသော ဒူးရင်းစေ့တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ဖြင့် (၂၀၁၉)၌ ကောက်ကြသည်။ ထို့နောက် ကော့သောင်း-ရနောင်းလမ်း မှတစ်ဆင့် ယိုးဒယားသို့ တန်နှင့်ချီပို့ကြသည်။
ကောလိယ ဝေယံမောင်မောင်
၁၃.၆.၂၀၂၂
#ဒူးရင #Durian
#ဒူးရင်းသီး #DurianFruit











Comments
Post a Comment