ကျွန်ုပ်လက်ရာ ၃၃၊ ဝက်သားနီ


 


        ‘မံသေသု သုကရော’ တဲ့။ အသားမှာ ဝက် ထင်ရှားပုံကို ရှေးဝတ္ထုမှာပါတယ်။ လူတစ်ကိုယ် အကြိုက် တစ်မျိုး ရှိကြတဲ့အထဲ ကျွန်တော်ကြိုက်တဲ့အသားမှာ ဝက်ထိပ်ဆုံးကပါတယ်။ ဝက်သားဝယ်တိုင်း တစ်မျိုးစီ ချက်စားတယ်။ ဝက်ဆီပြန်၊ ဝက်ခရမ်းချဉ်ချက်၊ ဝက်ပုန်းရည်၊ ဝက်ဟင်းလေး၊ ဝက်ချိုချဉ်၊ ဝက်ချို၊ ဝက်စပ်၊ ဝက်ပြုတ်ကြော် စသဖြင့် ဝက်ဋီကာကျမ်းဖွင့်တယ်ဆိုရမယ်။ သည်တစ်ခါအလှည့်ကျတဲ့ စာမျက်နှာကတော့ ‘ဝက်သားနီ’ တဲ့။

 

ဝက်သား

ချင်း

ကြက်သွန်နီ

သကြား

အရောင်တင်မှုန့်

ဆီ

ဆား

နနွင်း

 

            ဝက်သားကိုရေစင်စင်ဆေး၊ ဆား၊ နနွင်း၊ ချင်းထောင်း တို့နဲ့နယ်ပြီး အသားထဲစိမ့်ဝင်အောင် နှပ်ထား ပါတယ်။ သည်အချိန်မှာ မီးမွှေးပါတယ်။ ခြံထဲကထင်းတုံးကြီးတွေနဲ့ အိနေအောင်နှပ်မယ်။ မီးစွဲတော့ ဒယ်အိုး ပူအောင်တင်ထားပြီး သကြားလေးထည့်လှော်တယ်။ ညိုပြီဆိုဆီထည့်ပြီး ကြက်သွန်နီ ထည့်ကြော်ပါတယ်။ ကြက်သွန်နွမ်းအိရင် အရောင်တင်လေးထည့်ပြီး ဝက်သားနှပ်ကို ထည့်လုံးပါတယ်။ ဝက်သား လုံးသွားတဲ့အခါ ရေသင့်ရုံထည့်၊ မီးကောင်းကောင်းနဲ့ အိနေအောင်နှပ်ထားလိုက်တယ်။ လိုအပ်ရင်မွှေပြုပေးရင်း ဆီပြန်လုတော့ ဝက်သားတုံးရဲ့သိမ်မွေ့မှုကို သွေးတိုးစမ်းကြည့်တယ်။ အခေါက်ရောအသားပါ အိစက်ညက်ညောနေတာမို့ အိုးပေါ်ကချပြီး ဘုရားကိုသင်ပုတ်ကပ်ပါတော့တယ်။ ကုသိုလ်အမျှ ရကြပါစေသတည်းဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၃၀.၁.၂၀၂၂


Comments