ကျွန်ုပ်လက်ရာ ၃၄၊ မန္တလေးကြာဆံဟင်းခါး

 




     

    ကြာဆံဟင်းခါးကို ရန်ကုန်မှာတော့ ‘မန္တလေးကြာဆံချက်’ လို့ခေါ်တတ်တယ်။ မန္တလေးမှာ ဒံပေါက်ဆို ကြာဆံဟင်းခါးနဲ့ သီးမွှေးငှက်ပျောသီး တွဲကျွေးတယ်။ သိပ်လိုက်ဖက်တာ။ မုန်ဟင်းခါး၊ ကြာဆံဟင်းခါး တို့ကို မကြာခဏချက်ဖြစ်ပါတယ်။ ဒီတစ်ခါလဲ အိမ်သားတွေအဝစားဖို့ အိုးကြီးနဲ့ချက်ဖြစ်ပါတယ်။

 

ပဲကြာဆံ

ကြက်အစိတ်အပိုင်းစုံ

မှိုခြောက်

ပန်းခြောက်

ပဲလိပ်

အသားတု

ကြက်သွန်ဖြူ

ကြက်သွန်နီ

ချင်း

နံနံပင်

နနွင်း

အရောင်တင်

သံပရာသီး

ငရုတ်သီးအကြော်မှုန့်

ငံပြာရည်

ဆား

အချိုမှုန့်

ဆီ

            ကြာဆံဟင်းချက်တာ မခက်ပါဘူး။ အမယ်တွေကို အချိုးကျ၊ အချိန်ကိုက် ထည့်ဖို့ပဲလိုတာ။ ပဲကြာဆံ၊ မှိုခြောက်၊ ပဲလိပ်၊ အသားတု တို့ကို သီးခြားစီရေစိမ်ထားရတယ်။ ရေစိမ်ပြီး အရွယ်ကြီးတာအကုန် ကတ်ကြေးနဲ့ ကိုက်ပေးပါ။ ကြွက်နားရွက်မှိုခြောက်က သဲပါတတ်လို့ စင်စင်ဆေးပြီးမှကိုက်ပါ။ ပန်းခြောက်ကတော့ ရေစိမ် ထားဖို့မလိုဘူး။ 

            ကြက်သားကို အတုံးတုံး ရေစင်စင်ဆေးပြီး ဆားပျားနယ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ကိုရောထောင်းပါ။ ဒန်အိုးကြီးမှာ သူတို့ကိုဆီသတ်ပြီး နွမ်းလာရင်ကြက်သားထည့်ပါ။ ကြက်ရည်ခန်းရင် ရေစိမ်ထားတဲ့အမယ်တွေ ထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် စတာတွေထည့်ပါ။

            ခဏကြာတဲ့အခါ အိုးပြည့်ရေထည့်တည်ထားပါ။ ပွက်ပွက်ဆူလာရင် အရသာမြည်းပြီး လိုတာဖြည့်ပါ။ မကြာခင်ပဲ အရသာရှိတဲ့ကြာဆံဟင်းခါး ရလာပါမယ်။ အနံ့အရသာပိုကောင်းအောင် နံနံပင်၊ သံပရာသီး၊ ငရုတ်သီးအကျက်မှုန့် တို့နဲ့ စားသောက်နိုင်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

၅.၂.၂၀၂၂


Comments