ကျွန်ုပ်လက်ရာ ၃၅၊ ဆန်ပြားခေါက်ဆွဲကြော်

 


     

    တနင်္ဂနွေပိတ်ရက်မှာ မိသားစုစားဖို့ ဆန်ပြားခေါက်ဆွဲ ကြော်ဖြစ်ပါတယ်။ ညှပ်ခေါက်ဆွဲလဲမဟုတ်၊ ကတ်ကြေးကိုက်လဲ မဟုတ်ဘူးနော်။ တကယ်က ညှပ်ခေါက်ဆွဲတို့၊ ကတ်ကြေးကိုက်တို့ဆိုတာ ဆန်ပြား အပြားလိုက်ကြီးကို လိုတဲ့အရွယ် ကိုက်ရ၊ ညှပ်ရတာ။ ဒါက စညှစ်ကတည်းက ဆန်ပြားအရွယ်ညှစ်ထားတာ။ မုန့်ဟင်းခါးထဲမှာ ထည့်စားကြတယ်။ ‘မုတ်ဖက်နဲ့စား၊ ညှပ်နဲ့စားမလား’ ဆိုပြီး ရန်ကုန်သံဝဲဝဲနဲ့ ပြောကြတဲ့ ဆန်ပြားခေါက်ဆွဲပေါ့။ 

 

ဆန်ပြားခေါက်ဆွဲ

ရွှေပဲသီး

ခါချက်ဥ

ကြက်သွန်မြိတ်

ကြက်သွန်ဖြူ

တရုတ်နံနံ

ပဲပြား

ခရုဆီ

ပဲငံပြာရည်

ဆီ

တွဲစားဖို့အချဉ်တစ်မျိုးမျိုး

 

            အသီးအနှံတွေ အရင်လှီးထားပါ။ ရွှေပဲသီးကို အစွေ၊ ခါချက်ဥကို အမျှင်၊ ကြက်သွန်မြိတ်ကို အရှည်၊ ကြက်သွန်ဖြူကို အနုတ်၊ တရုတ်နံနံကို အဆစ်၊ ပဲပြားကို အတုံးပေါ့။ ကြက်သွန်ဖြူ ဆီသတ်ပြီး ညိုလာရင် ပဲပြားထည့်ကြော်ပါ။ ခဏနေရင် ရွှေပဲသီး၊ ခါချက်ဥတို့ထည့်ပါ။ တစ်အောင့်နေရင် ကြက်သွန်မြိတ်၊ တရုတ်နံနံထည့်ပါ။ ခရုဆီ၊ ပဲငံပြာရည်၊ အရသာမှုန့်ထည့်ပါ။ ဆန်ပြားခေါက်ဆွဲထည့်ကြော်ပါ။ နှံ့စပ်သွားရင် မွှေးအိပြီး အရသာရှိလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်လေး ရပါပြီ။

ကောလိယ ဝေယံမောင်မောင်

၁၃.၂.၂၀၂၂


Comments