ကျွန်ုပ်လက်ရာ ၃၆၊ မန္တလေး ပန်ထွေဖျော်

 




    ‘ပန်ထွေဖျော်’ ဆိုတာ မန္တလေးအခြေပြုဟင်းပါ။ မြန်မာ့ရိုးရာတော့မဟုတ်ဘူး။ မန္တလေးက နေပြည်တော်ဖြစ်တော့ လူမျိုးတစ်ရာ့တစ်ပါး နေခဲ့ကြတဲ့အထဲမှာ ‘ကသည်း’ တွေလဲပါတယ်။ ကသည်းဆိုတာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်က ‘ကစာရ်’ လူမျိုးပါ။ ကသည်းတွေက မန္တလေးမှာ ပန်ထွေဖျော်လုပ်စားကြရင်း တွင်ကျယ်လာခဲ့တာပေါ့။

            ‘ပန်ထွေဖျော်’ ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးကြံဆကြတယ်။

‘ပန်’ ဆိုတာ ‘ပဉ္စ = ငါးခု’

‘ထွေ’ ဆိုတာ ‘အမျိုးမျိုးအထွေထွေ’

‘ဖျော်’ ဆိုတာ ‘ပျော်အောင်ရောတာ’ လို့မှတ်ရပါတယ်။

ဝေါဟာရသမိုင်းတွေ အပထား။ ကျန်းမာရေးနဲ့တွက်ရင် ပန်ထွေဖျော်က အတော်ညီညွတ်တာ။ ဆီလဲ မပါတော့ ကုန်ဈေးနှုန်းနဲ့လဲ အံကိုက်ပဲ။ ပန်ထွေဖျော်လေး တစ်ခွက်ပါရင် နှုတ်မြိန်စေတာမို့ ဆေးလွတ်ခြံထွက် လတ်ဆတ်တွေနဲ့ ဖျော်လိုက်ပါရဲ့ဗျာ။

ဗမာခရမ်းချဉ်သီး

ကြက်သွန်နီ

နံနံပင်

ကြက်သွန်မြိတ်

ငရုတ်သီးစိမ်း

ဆား

            သက်သတ်လွတ်ဖြစ်အောင် ငါးပိ၊ ငံပြည်ရည်အုပ်စုတွေ ထည့်မထားပါဘူး။ မြေပဲထောင်းထည့်ချင်လဲ ရတယ်။ ခရမ်းချဉ်သီးလေးတွေကို မီးကျီးနဲ့ဖုတ်ပါ။ တစ်ဘက်ကျက်ရင် တစ်ဘက်လှန်ပေးပါ။ အိသွားရင် အအေးခံပြီး အခွံခွာ၊ အသားချေထားပါ။ နံနံပင်ကို နုတ်နုတ်စင်း၊ ကြက်သွန်မြိန်ကို ရိတ်ရိတ်လှီး၊ ကြက်သွန်နီကို ပါးပါးလှီး၊ ငရုတ်သီးကို သေးသေးညှပ်။ ဒီအမယ်တွေကို ခရမ်းချဉ်အနှစ်နဲ့ရောပြီး ဆားထည့်ဖျော်ပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ညီ၊ ဆီလဲမကုန်တဲ့ မန္တလေးပန်ထွေဖျော်လေး ရပါပြီဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၁၃.၃.၂၀၂၂


Comments