မကြာခဏရောတတ်တဲ့ စကားလုံးပါ။ ‘ဒံ နဲ့ ဒန်’ အသံထွက်တူကြပေမဲ့ သတ်ပုံချင်းမတူကြပါဘူး။ တစ်ခုက စားစရာ၊ တစ်ခုက ထည့်တဲ့ဟာဆိုတော့ အတွဲအစပ်ညီလို့ ယှဉ်တွဲမှတ်ကြည့်ပါအုံးဗျာရဲ့။
ဒံပေါက်
ဒံပေါက်က ပါရှင်စကား Dum Pukht ကနေ ဆင်းသက်လာပါတယ်။ အိန္ဒိယဘာသာအရ ‘ဒံ’ ဆိုတာ ‘အသက်ရှုခြင်း’၊ ‘ပေါက်’ ဆိုတာ ‘ချက်ပြုတ်ခြင်း’ ဖြစ်ပါတယ်။ ချက်မဲ့အမယ်တွေကို ကြေးဝါအိုး၊ မြေအိုးတို့ထဲ ထည့်ရတယ်။ အိုးနှုတ်ခမ်းကို ဂျုံမုန့်နှစ်နဲ့ ကျပ်အောင်ပိတ်ပြီး မီးမျှင်းမျှင်းနဲ့ဖောက်ရတယ်။ ပိတ်ထားတဲ့ ဂျုံမုန့်နှစ် ကနေ အငွေ့တချောင်းချောင်းထွက်လို့ ဒီအဓိပ္ပာယ်ရတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒံပေါက်ကို အိန္ဒိယမှာ ဘီရီးအာနီ (Biryāni) လို့အခေါ်များပါတယ်။ ‘ဘီရီးအာနီ’ ကလဲ ပါရှင်စကား ကနေ ဆင်းသက်လာတာပါ။ ဒံပေါက်ကို ‘ဒန်ပေါက်’ လို့ရေးရင်မှားပါတယ်။ မြန်မာစကားမှာ ‘ဒန်’ ဆိုတဲ့ အသုံးအနှုန်း ရှိပြီးသားမို့ သေးသေးတင်နဲ့ ‘ဒံ’ တယ်လို့ ယူဆရပါတယ်။
ဒန်အိုး
အဂ္ဂိရတ်ပညာမှာ ‘ဒန်’ ဆိုတာ ကြေးနီကိုပြောတာပါ။ အိုးခွက်လုပ်တဲ့သတ္တုဖြူကိုလဲ ဒန်လို့ခေါ်တယ်။ ဒါ့ကြောင့် ဒန်နဲ့လုပ်လို့ ဒန်အိုး၊ ဒန်ခွက်လို့ ရေးကြပါတယ်။ ဒန်အိုး၊ ဒန်ခွက်ကို ‘ဒံအိုး၊ ဒံခွက်’ လို့ ရေးရင် မှားပါတယ်။

Comments
Post a Comment