ဆောင်းနှင်းရေစိုမှာ စိုက်ခဲ့တဲ့မုန်ညင်းတွေ ဝါထိန်အောင်ပွင့်နေကြပြီ။ မနက်မနက်ဆို လုပ်သား ပျားအုပ်က ဝတ်မှုန်တွေလာသဲ့ပြီး ကဲ့ကြတယ်။ မုန်ညင်းသီးတွေက ဖိလိုက်ရင်အိစိစိ။ အစေ့ကလဲ မရင့်သေးတော့ စားမယ်ဆို ဝါးရနိုင်ရဲ့။ အရွက်တွေကလဲ ပင်စည်တစ်လျှောက် ငေါက်ငေါက်လေးတွေ ကျန်သေးတယ်။
ဗမာ၊ အင်း၊ နွယ် ခရမ်းချဉ်မျိုးနွယ်တွေကလဲ ညွှတ်တွဲကျ သီးနေကြတယ်။ နံနံခင်းကလဲ မွှေးနေတာပဲ။ လတ်လတ်ဆတ်ဆတ် ခြံထွက်တွေရှိနေတော့ ကျန်းမာရေးဓာတ်စာ ဆီမပါချက်ဖို့ပြင်ပါတယ်။ ဒီနေ့ မုန်ညင်း ပွင့်သီးရွက် ချဉ်ရည်ချက်မယ်။
အပွင့်၊ အသီး၊ အရွက်စုံ မုန်ညင်းပင်
ဗမာခရမ်းချဉ်သီး
ကြက်သွန်ဖြူ
ကြက်သွန်နီ
မန်ကျည်းသီး
နံနံပင်
စိမ်းစားငါးပိ
ဆား
နနွင်းမှုန့်
မုန်ညင်းပင်ကို အရိုးရင့်နဲ့ အမြစ်ကလွဲရင် အကုန်သင်ပါတယ်။ ပန်းလေးတွေက နုလို့မခြွေရက်စရာ။ ခပ်ဖွဖွရေဆေးပြီး ချဉ်ရည်ကျိုမဲ့အိုးထဲ ထည့်လိုက်တယ်။ ဗမာခရမ်းချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စိမ်းစားငါးပိ၊ ဆား၊ နနွင်း ထည့်တယ်။ လက်ဆေးရေထည့်ပြီး လုံးထားပါတယ်။ ခဏနေတော့ အနံ့လေးက မွှေးတက်ရဲ့။ ရေလိုသလောက်ထည့်ပြီး ဆူအောင်တည်ထားလိုက်တယ်။ ဆူတော့ အပေါ့အငန်မြည်း၊ ခြံထွက် မန်ကျည်းမှည့် ရေဆေးထည့်တယ်။ အိုးကျပြီ။ ပူပူနွေးနွေးအရသာရှိတဲ့ ဒီချဉ်ရည်က ငရုတ်သီးထောင်းနဲ့ဆို အသားဟင်း မလိုတော့ပါဘူးဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၇.၃.၂၀၂၂




Comments
Post a Comment