မိုးဝဿာန်ရေနှင့်အတူ အေးမြချမ်းမြေ့ခြင်းအပေါင်းဖြင့် ပြည့်စုံသော ဝါဆိုလဖြစ်ပါစေကြောင်း ဦးစွာ ဆုမွန်တောင်းလိုပါသည်။ စာပေပညာရှင်တို့က ဆယ့်နှစ်လရာသီကို စက်ဝန်းဟုသုံးနှုန်းကြသည်။ စက်ဝန်း ဆိုသည့်အတိုင်း လှည့်လည်မြဲဖြစ်သဖြင့် တစ်ဆယ့်နှစ်လတို့မှာ အစဉ်ပြန်လည်ကျရောက်မြဲဖြစ်သည်။ မိုးငွေ့မြူတို့ရိပ်သန်းသော ဝါဆိုလသည်ကား မိုးရေစွတ်ပန်းတို့ကို ဆောင်ကြဉ်းခဲ့ပြန်သည်။
စာအညီ ရာသီ
‘ဝါ’ ဟူသောစကားလုံးသည် ပါဠိစကားလုံး ‘ဝါသ’မှလာခြင်းဖြစ်ပြီး ‘နေခြင်း’ ဟုအဓိပ္ပာယ်ရှိသည်။ ‘ဆို’ ဟူသောစကားလုံးသည် ‘ရွတ်ဆိုခြင်း’ ဖြစ်သည်။ ‘ဝါဆို’ ၏အဓိပ္ပာယ်မှာ ရဟန်းတော်များက ဝိနည်းစည်းကမ်း အတိုင်း မိုးရာသီကာလ၊ ဝါတွင်းသုံးလလုံး အရပ်တစ်ပါးသို့ခရီးမသွားဘဲ ကျောင်းတွင် သီတင်းသုံးမည့် အကြောင်း အဓိဋ္ဌာန်ပြုရွတ်ဆိုခြင်းဖြစ်သည်။ ထိုသို့ အဆိုပြုသည့်လဖြစ်၍ ‘ဝါဆိုလ’ ဟုခေါ် သည်။
နောက်အဓိပ္ပာယ်တစ်ခုမှာ ပါဠိစကား ‘ဝပရ’ မှ ဆင်းသက်လာသည်။ အဓိပ္ပာယ်မှာ ဝါတွင်းကာလ၊ ရဟန်းအဖြစ် ဝါဆိုခဲ့သော နှစ်အရေအတွက် ဖြစ်သည်။
ရှေးခေတ်ကျောက်စာများ၌ ဝါဆိုလကို ‘ မ္လယ်တာ ၊ လွီယ်တာ ၊ မြွယ်တာ’ စသည်ဖြင့် ရေးထိုးခဲ့သည်။ နောက်ပိုင်း၌ ‘နွယ်တာ’ ၊ ‘နွေတာ’ ဟု ရေးထိုးကြသည်။ နွယ်တာ၊ နွေတာတို့၏ အဓိပ္ပာယ်ကို ဝေါဟာရလီနတ္တ ဒီပနီကျမ်းတွင် ‘နွေတာ’ မှရွေ့လျောပြီး ‘နွယ်တာ’ ဖြစ်လာသည်။ ‘နွေ - နွေရာသီ’ ၊ ‘တာ - ပါဠိစကား (အတီတ) ပုဒ်ပျက် အတိတ်၊ (အန္တာ)ပုဒ်ပျက် အဆုံးအဖျား’ ဖြစ်သည်။ ဆိုလိုသည်မှာ ‘ဝါဆိုလပြည့်တွင် နွေရာသီ အဆုံးသတ်အဖြစ် အတိတ်တွင်ကျန်ခဲ့သည်’
ဝေါဟာရများမည်သို့ဆိုစေကာမူ ရှေးမူလစကားလုံးမှာ ‘မ္လယ်တာ’ ဖြစ်သည်။ ‘မ္လယ် - လယ်ယာ မိုးမြေကို’ ‘တာ - တိုင်းတာခြင်း’ ဖြစ်၍ ‘မ္လယ်တာ’ သည် ‘လယ်ယာမြေတို့ကို တိုင်းတာသည့်လ’ ဖြစ်သည်။ ထို့ကြောင့် မိုးတွင်းကာလဖြစ်၍ စပါးစိုက်မည့်လယ်မြေကို အကွက်ဖော်၊ တိုင်းတာ၍ စိုက်ပျိုးသောလကို ဆိုလိုသည်။ ပုဂံခေတ်ကျောက်စာများ၌ ဝါဆို၊ ဝါခေါင်၊ ဝါကျွတ် ဟူသော အသုံးအနှုန်းများကို သက္ကရာဇ် ဖော်ပြရာတွင် သုံးလေ့မရှိဘဲ ဝါဝင်၊ ဝါလယ်၊ ဝါကုန်ချိန်တို့နှင့်ပတ်သက်၍သာ သုံးလေ့ရှိသည်။ အင်းဝခေတ် ရောက်မှ သက္ကရာဇ်မှတ်တမ်းတို့တွင် အသုံးတွင်လာသည်။
ဝါဆိုသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေရာသီတစ်ဝက်၊ မိုးရာသီ တစ်ဝက် ပေါင်းစုသောလဖြစ်သဖြင့် ဝါဆိုလပြည့်ကျော်(၁၅)ရက်မှစ၍ မိုးရာသီ၌ပါဝင်သည်။ ရက်စုံသောလဖြစ်၍ ရက်ပေါင်း(၃၀)ရှိသည်။ ခရစ်ပြက္ခဒိန်အရ ဇွန်လနှင့် ဇူလိုင်လအတွင်း ကျရောက်သည်။ ဝါထပ်သေနှစ်၌ ပထမဝါဆိုနှင့် ဒုတိယဝါဆိုဟု နှစ်မျိုးရှိသည်။ နေ့တာရှည်ပြီး ညတာတိုသည်။
ဝါဆိုလသည် ဝေဒကျမ်းအရ ကရကဋ်ရာသီဖြစ်သည်။ ပြုပ္ပာသဠ် (ပြုပ္ပာသန်) နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ပြည့်၍ လမွန်းတည့်သည်။ အချို့က ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ပြည့်သည်ယူသည်။ နေမင်းသည် ဖုသျှနက္ခတ်နှင့်ယှဉ်သည်။ အင်္ဂါနှင့် ရာဟုခေါ်သော ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတို့မှာ ပြဿဒါးဖြစ်ပြီး တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များမှာ ရက်ရာဇာဖြစ်သည်။ ဗျိုင်းတာရာထွန်းပသည်။ ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်း (Calophyllum inophyllum) ဖြစ်ပြီး ရာသီပွဲတော်မှာ ပဉ္ဇင်းခံပွဲဖြစ်သည်။ နံနက်စက်နာရီ (၅)နာရီ၊ (၂၉)မိနစ်တွင် နေထွက်၍ ညနေစက်နာရီ (၆)နာရီ၊ (၄၃)မိနစ်တွင် နေဝင်သည်။ ရှေးမြန်မာ ပဟိုရ်စည်နာရီဖြင့် နေ့(၃၆)နာရီ၊ ည(၂၄)နာရီရှိသည်။
ပဉ္ဇင်းခံပွဲ
မြန်မာသက္ကရာဇ် (၅၇၅)ခုနှစ်၊ ပုဂံမြို့၊ သင်လျင်ဘိုကပ်သင်ချင် ကျောက်စာအရလည်းကောင်း၊ အနော်ရထာမင်းလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာထွန်းကား၍ သံဃာတော်များရှိခြင်းကိုလည်းကောင်း ကြည့်ရှု၍ ပဉ္ဇင်းခံပွဲသည် ပုဂံခေတ်ကတည်းကရှိနှင့်ခဲ့ကြောင်း သိနိုင်သည်။
ဆီသည်ရွာစား ဦးအောင်ကြီးက ဆယ့်နှစ်ရာသီဖွဲ့လူးတား၌ ဝါဆိုလနှင့်စပ်ဆက်၍ ‘မြတ်သည့်သိမ်သို့၊ ငြိမ်ဆိမ်သည်းဝင်၊ သိက္ခာတင်သည်၊ ပဉ္စင်းမြတ် ရဟန်းတည်လေး' ဟုဖွဲ့ဆိုခဲ့သည်။ ရှေးခေတ်က ပဉ္စင်းခံပွဲသည် နယုန်လစာပြန်ပွဲနှင့်ဆက်စပ်ခဲ့သည်။ စာပြန်ပွဲအောင်သူများထဲမှ တစ်သက်လုံးဖြစ်စေ၊ ခဏဖြစ်စေ ရဟန်းခံမည့်သူ (၂၅)ဦးခန့်ရှိလျှင် ရှင်ဘုရင်ကိုယ်တိုင် ရဟန်းဒါယကာအဖြစ်ဦးစီး၍ ရဟန်းခံပွဲ ကျင်းပပေးသည်။ ရဟန်းများဖို့ ကျောင်း၊ ရွှေညောင်ခေါင်းမှီအုံးခေါင်၊ စာဝါပေထုပ်မှအစ ပေစာလုပ်ရန် ပေပင်စိုက်သည်အထိ လိုအပ်သည်များကို လှူဒါန်းထောက်ပံ့သည်။
ဝါဆိုလပြည့်နေ့
ဝါဆိုလပြည့်နေ့သည် ဂေါတမဘုရားရှင်၏ အထိမ်းအမှတ်လေးခုနှင့် တိုက်ဆိုင်သောကြောင့် ‘သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ’ ဟု စာချိုးမှတ်ယူသည်။ ထို့ပြင် ဗုဒ္ဓဝင်မှတ်တိုင်များလည်း စိုက်ထူခဲ့ရာနေ့လည်း ဖြစ်သည်။
၁၊ ပဋိသန္ဓေနေတော်မူခြင်း
၂၊ တောထွက်တော်မူခြင်း
၃၊ တရားဦးဓမ္မစကြာဟောတော်မူခြင်း
၄၊ ရေမီးစုံတန်ခိုးပြာဋိဟာပြတော်မူခြင်း
၅၊ ဘုရားအဖြစ်ဝန်ခံတော်မူခြင်း
၆၊ တရားရတနာစတင်ပေါ်ပေါက်ခြင်း
၇၊ သံဃာရတနာစတင်ပေါ်ပေါက်ခြင်း
၈၊ ပုထုဇဉ်များ အရိယာအဖြစ် စတင်ရောက်ခွင့်ရခြင်း
၉၊ "ဧဟိ ဘိက္ခု"ဟူသော စကားစတင်ကြားရခြင်း
ထို့ပြင် ဝါဆိုလအတွင်း ထူးခြားသောဝိသေသများရှိသေးသည်။
၁၊ ဥယျာဉ်တော်၌ စံပျော်စဉ်နတ်ဝတ်တန်ဆာဆင်မြန်းခြင်း
၂၊ လည်ဆွဲတန်ဆာကိုစွန့်၍ ကိသာဂေါတမီအား ကျေးဇူးဆပ်ခြင်း
၃၊ မာရ်နတ်မင်း၏ရန် အောင်တော်မူခြင်း
၄၊ မယ်တော်ဖြစ်ခဲ့သော သန္တုဿိတနတ်သားကို အလွန်ထူးကဲနက်နဲသည့် ပိဋကတ်သုံးပုံ၏ တစ်ပုံဖြစ်သော အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူခြင်း
ဝါဆိုပန်း
ဝါဆိုလ၌ အဝါရောင်အတွဲခိုင်လိုက်ပွင့်သော ပန်းထိပ်ငိုမျိုးစိတ်ဝင်ပန်းကို ဝါဆိုပန်းဟုခေါ်သည်။ သိပ္ပံအမည် Globba schomburgkii ဖြစ်သည်။ ပန်းတိမ်ငိုနှင့် ကွဲပြားသည်မှာ အဖြူရောင်မပါခြင်း၊ အခိုင်ပေါ်၌ အသီးတင်ခြင်း၊ ပန်းတိမ်ငိုထက် အပင်ပိုပုခြင်းတို့ဖြစ်သည်။
ဝါဆိုဝါကပ်ခြင်း
ဘုရားရှင်လက်ထက်ကတည်းက ဝါဆိုခြင်း၊ ဝါကပ်ခြင်းရှိခဲ့သည်။ ယခင်ခေတ် သံဃာများမှာ နေပူ၊ မိုးရွာ ဥတုသုံးပါးလုံး လှည့်လည်သွားလာခဲ့ကြသည်။ မိုးရာသီသွားလာမိသော် လူတို့စိုက်ပျိုးသော အပင်များ ဖြတ်နင်းမိ၍ပျက်စီးဖူးသည်။ လူတို့က ‘သာသနာ့ပြင်ပ တိတ္ထိများနှင့် ကျေးငှက်တို့ပင် မိုးတွင်း၌ နားနေ ခိုအောင်းကြသော်လည်း ရဟန်းတို့မှာ ပိုးမွှားများ၊ စိုက်ပင်များပျက်စီးစေ၍ တစ်နှစ်လုံးခရီးသွားကြသည်’ ကို ကဲ့ရဲ့ကြသည်။ ထို့ကြောင့် ဘုရားရှင်က သံဃာများ မိုးဥတုသုံးလ ခရီးမထွက်ရသည့် ဝါဆို၊ ဝါကပ် ဝိနည်း သိက္ခာပုဒ်ကို ပညတ်တော်မူသည်။
ဝါကပ်ခြင်းနှစ်မျိုး
၁၊ ပုရိမဝဿဝါသ (ပထမဝါကပ်ခြင်း) - ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့ တွင် ဝါကျွတ်သည်။
၂။ ပစ္ဆိမဝဿဝါသ (ဒုတိယဝါကပ်ခြင်း) - ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့၌ဝါကပ်၍ တန်ဆောင်မုန်း လပြည့်နေ့တွင် ဝါကျွတ်သည်။
သံဃာတော်များဝါဆိုဝါကပ်ပုံ
သံဃာများမှာ ဝါဆိုလပြည့်ကျော်တစ်ရက်၌ဝါဆို၍ ဒကာ၊ ဒကာမများက ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူကြသည်။ ဝါဆိုမည့်ညနေ၌ ဝါကပ်အမီ ရောက်ရှိလာနိုင်သေးသည့်သံဃာအားစောင့်ပြီးမှ ဝါဆိုကြ သည်။ သံဃာများက မိမိကျောင်းသင်္ခမ်းကို ညဉ့်ချိန်ပစ်ကာခရီးမသွားပါကြောင်း ကတိခံသည့် ဝါဆိုခြင်းပါဠိကို ရှေ့မှတိုင်ပေးသည့်အတိုင်း ရွတ်ဆိုကာဝါဆိုကြသည်။
ဝါဆိုစဉ် မလွဲမရှောင်သာခရီးကြုံလျှင်သွားနိုင်ရန် ဘုရားရှင်က ချွင်းချက်(၃)ခု သတ်မှတ်ပေးတော် မူခဲ့သည်။
၁၊ ဒါနဉ္စ ဒါတုံ - ပုဂ္ဂိုလ်တစ်ဦးက အလှူပြုလို၍ပင့်လျှောက်လျှင်
၂၊ ဓမ္မဉ္စ သောတုံ - ပုဂ္ဂိုလ်တစ်ဦးက တရားနာလို၍ပင့်လျှောက်လျှင်
၃၊ ဘိက္ခုစ ပဿိတုံ - ပုဂ္ဂိုလ်တစ်ဦးက ဖူးမျှော်လို၍ပင့်လျှောက်လျှင်
ဝါပန်ကာ ခရီးသွားလာပြီး ခုနစ်ရက်မတိုင်မီ(ခြောက်ရက်၊ ခြောက်ညတွင်) ကျောင်းသို့ပြန်ရောက်ရ မည်။ ဝါမပန်ဘဲကြွမိသော် (သို့) ခုနှစ်ရက်ထက်ကျော်ခဲ့သော် ဝါကျိုးသည်။ ဝါကျိုးခြင်းဆိုသည် ဝိနည်း မလိုက်နာ၍ ဥပဒေကျိုးပျက်ခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်သည်။ အချို့က ‘ဝါကျိုးလျှင်ဝါမရ၊ ကျိုးသောဝါကို ဝါအရေအတွက်၌ ထည့်တွက်၍မရ’ ဟုထင်ခြင်းမှာ မဟုတ်ပေ။ စစ်စစ်တွင် ရေတွက်နိုင်သည်။ ဝါကျိုးပျက်၍ အာပတ်သင့်(အပြစ်ဖြစ်ခြင်း)၊ ကထိန်ခံခွင့်မရခြင်းသာရှိသည်။ ဝါအရေအတွက်လျော့ခြင်း မရှိပေ။ ထို့ပြင် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပေ။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခြင်း၊ သံဃာကွဲ၍ ဝါဆိုဝါကပ် ပျက်ခြင်း၊ ဝါကျိုးခြင်းဖြစ်လျှင် ထိုဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပေ။
ဝါဆိုသင်္ကန်းပေါ်ပေါက်လာပုံ
ဝါဆိုသင်္ကန်းမှာ မိုးရေခံသင်္ကန်းဖြစ်သည်။ ပါဠိဘာသာဖြင့် ‘ဝဿာဝါသိက စီဝရ (ဝါ) ဝဿိ ကသာဋိက စီဝရ’ ဟုခေါ်သည်။ ပါဠိ-အင်္ဂလိပ် အဘိဓာန်တွင် ‘A cloak for use in the rainy season.’ ဟုဖွင့်ဆိုသည်။ ဝါဆိုသင်္ကန်းကို မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် ‘Monk’s robe specially offered at the beginning of the Bhddhist lent’ ဟုဖွင့်ဆိုသည်။ မိုးရေခံသင်္ကန်းဖြစ်သော်လည်း ဝါဆို၊ ဝါတွင်း၊ ဝါကျွတ် တစ်နှစ်တာလုံး ကပ်လှူခွင့်ရှိသည်။
ဘုရားရှင် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ဝိသာခါအမျိုးသမီးက ဆွမ်းစားပင့်သည်။ နောက်နေ့ မနက်တွင် သည်းထန်သောမိုးများ ဇမ္ဗူဒိပ်လေးကျွန်းလုံး အနှံ့ရွာသွန်းသည်။ ထိုကဲ့သို့ ဇမ္ဗူဒိပ်လေးကျွန်းအနှံ့ မိုးရွာခြင်းသည် နောက်ဆုံးဖြစ်ကြောင်း ဘုရားရှင်က သံဃာများကိုမိန့်၍ သံဃာများရေချိုးကြသည်။ သံဃာ များ မိုးရေခံသင်္ကန်းအလှူခံခွင့်မရသေးချိန်ဖြစ်၍ သင်္ကန်းမဲ့ရေချိုးကြရသည်။ ထိုအချိန် ဝိသာခါစေလိုက်သည့် အမျိုးသမီးက ဆွမ်းစားချိန်တန်ကြောင်းလာပင့်ရင်း သံဃာများကိုမြင်ရာ အာဇီဝတက္ကတွန်းများ မိုးရေ ချိုးနေကြသည်ဟု အထင်လွဲ၍လှည့်ပြန်သွားသည်။
သံဃာမပင့်ဘဲ အိမ်ပြန်လာသဖြင့် ဉာဏ်ပညာထက်သော ဝိသာခါက သင်္ကန်းပိုမရှိကြသေး၍ ထိုသို့ ချိုးကြကြောင်း တွေးဆမိပြီး ထပ်ပင့်ခိုင်းသည်။ ထိုအချိန် သံဃာများရေချိုးအပြီး တင့်တယ်တိတ်ဆိတ်စွာ သီတင်းသုံးကြပြီဖြစ်၍ ကျောင်းတွင်သံဃာတစ်ပါးမျှမရှိထင်ကာ ထပ်၍ပြန်သွားသည်။ ဝိသာခါလည်း ထပ်ပင့်စေရာ ဘုရားရှင်အမှူးရှိသောသံဃာတော်များ ကြွတော်မူသည်။ မိုးရွာပြီးစဖြစ်သော်လည်း ဘုရှားရှင် နှင့် သံဃာတော်များ သင်္ကန်းရေစိုခြင်းမရှိသည်ကိုမြင်၍ အံ့သြဝမ်းသာစွာဆွမ်းကပ်လှူပြီး ဘုရားရှင်အား ဆု (၈)ပါးလျှောက်ထားသည်။
၁၊ သံဃာတော်များအား မိုးရေခံသင်္ကန်း အသက်ထက်ဆုံးလှူလိုသည်။
၂၊ ဧည့်သည်အာဂန္တုတို့အား ဆွမ်းလှူလိုသည်။
၃၊ ခရီးသွားသံဃာတော်တို့အား ဆွမ်းလှူလိုသည်။
၄၊ သူနာသံဃာတော်တို့အား ဆွမ်းလှူလိုသည်။
၅၊ သူနာပြုသံဃာတော်တို့အား ဆွမ်းလှူလိုသည်။
၆၊ သူနာသံယာတော်တို့အား ဆေးလှူလိုသည်။
၇၊ ယာဂုဆွမ်း အမြဲလှူလိုသည်။
၈၊ ဘိက္ခုနီ (ဝါ) အမျိုးသမီးရဟန်းများအား ရေသနုပ်လှူလိုသည်။
ဘုရားရှင်က ဝိသာခါအနေဖြင့် အဘယ်အကျိုးများတွေးမြင်၍ ဆုတောင်းဖြစ်ပုံကိုမေးလျှင် အစေခံ အမျိုးသမီးနှင့် ဆွမ်းစားပင့်စဉ်ကိစ္စကို လျှောက်ထားပြီး
၁၊ အဝတ်မဲ့လျှင်ရွံဖွယ်ဖြစ်၍ သံဃာတော်များအား မိုးရေခံသင်္ကန်းအသက်ထက်ဆုံးလှူလိုကြောင်း
၂၊ ဧည့်သည်အာဂန္တု သံဃာတော်များ ခရီးမကျွမ်း၍ ဆွမ်းအခက်မကြုံရန် ဆွမ်းလှူလိုကြောင်း
၃၊ ခရီးသွားသံဃာတော်များဆွမ်းရှာလျှင် အဖော်များပြတ်ကျန်ခဲ့မည်၊ သွားလိုရာကျောင်း အချိန်မဟုတ်မှ ဆိုက်ရောက်မည်ဖြစ်၍ ဆွမ်းလှူလိုကြောင်း
၄၊ နာဖျားသောသံဃာများ သင့်လျော်ရာအစာအာဟာရမရလျှင် အနာရောဂါတိုးကာ အသက်ဘေးရှိနိုင်၍ ဆွမ်းလှူလိုကြောင်း
၅၊ သူနာကိုပြုစုသူ သံဃာတော်များဆွမ်းရှာလျှင် ပြူစုရေးမလစ်ဟင်းရန် သူနာပြုသံဃာများအားလည်း ဆွမ်းလှူလိုကြောင်း
၆၊ သူနာသံဃာတော်များအား ဆေးလှူလိုကြောင်း
၇၊ ဘုရားရှင်က ယာဂုအကျိုးဆယ်ပါးရှိခြင်းကို အန္ဓကဝိန္ဒမြို့တွင်ဟောကြားဖူး၍ ယာဂုလှူလိုကြောင်း
၈၊ ဘိက္ခူနီ (ခ) အမျိုးသမီးရဟန်းများ အစီရဝတီမြစ်ကမ်းရှိရေဆိပ်တွင် ပြည့်တန်ဆာမတို့နှင့်အတူ အဝတ်မဲ့ ရေချိုးသည်ကို ထိုပြည့်တန်ဆာတို့ ကဲ့ရဲ့၍ ရေသနုပ်(ရေလဲသင်္ကန်း) လှူလိုကြောင်း လျှောက်ထားသည်။ ထိုရှစ်ချက်ကိုဘုရားရှင် လိုက်လျောခွင့်ပြုတော်မူခဲ့သည်မှစ၍ ဝါဆိုသင်္ကန်းပေါ်ပေါက်ခဲ့သည်။
ဝါဆိုသင်္ကန်းကို အချိန်ကာလမရွေး လှူဒါန်းခွင့်ရှိသူများ
ပုဂ္ဂိုလ်ခြောက်မျိုးသည် သံဃာအား ‘ဝဿာဝါသိကံ ဒဿာမိ - ဝါဆိုသင်္ကန်းပါဘုရား’ ဟု အမည်တပ်၍ ကပ်လှူလာလျှင်ဝါမကျွတ်သေးသည်ဖြစ်စေ၊ ကျွတ်ပြီးသည်ဖြစ်စေ အလှူခံနိုင်ခွင့်ရှိသည်။ ၎င်းပုဂ္ဂိုလ်များမှာ အချိန်မရွေးရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေးကပ်လှူနိုင်၊ ကပ်လှူခွင့်ရှိသည်။
၁၊ စစ်ထွက်မည့်သူ။
၂၊ ခရီးသွားမည့်သူ။
၃၊ ရောဂါဝေဒနာခံနေရသူ
၄၊ မီးဖွားခါနီး မိခင်လောင်း
၅၊ ယခင်က သဒ္ဓါတရားမရှိ၊ ယခုချက်ချင်း သဒ္ဓါတရား ပေါ်ပေါက်လာသူ
၆။ သာသနာတော်ကို ယခုမှကြည်ညိုလာသူ။
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး
အမြဲမပြတ်ကုသိုလ်ဖြစ်စေသော နိဗဒ္ဓအလှူ(၇)မျိုးရှိသည်။ ထိုကုသိုလ်အား အမြဲပွားများဆင်ခြင် လျှင် သေခြင်း၏အခြားမဲ့၌ အပယ်မလားကြောင်း အဋ္ဌကထာဆရာများပြဆိုထားသည်။
၁၊ သရဏဂုံတည်နေခြင်း
၂၊ ငါးပါးသီလလုံနေခြင်း
၃၊ စာရေးတံမဲကပ်လှူခြင်း
၄၊ လပြည့်လကွယ်(၁၅)ရက်နေ့များ၌လှူဒါန်းသော ပက္ခအလှူကပ်လှူခြင်း
၅၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း
၆၊ ရေတွင်းရေကန်တူးဖော်လှူခြင်း
၇၊ ကျောင်းဆောက်လုပ်လှူဒါန်းခြင်း
အမှတ်(၅)အလှူသည် ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ထိုခုနစ်မျိုးမှ တစ်မျိုးကိုစွဲမြဲစောင့်ထိန်းလျှင် သေ လွန်သော် အပါယ်မလားနိုင်။ သို့သော် အရေးကြီးသည်မှာ ဝါဆိုသင်္ကန်းအလှူသည် နိဗဒ္ဓအလှူများတွင် ပါဝင်နေသဖြင့် ဝါဆိုသင်္ကန်းလှူရုံမျှဖြင့် မပါယ်လားဟု အာမခံခြင်းမဟုတ်ပေ။ အခြားအကုသိုလ်များမရှိသူ ဖြစ်နေလျှင် နိဗဒ္ဓအလှူတစ်မျိုးမျိုးပြုလုပ်ထားလျှင် အပါယ်မလားနိုင်ခြင်းကို ပြဆိုခြင်းဖြစ်သည်။
သင်္ကန်းကပ်လှူခြင်းသည် အဆင်းကိုလှူဒါန်းရာရောက်သဖြင့် ရုပ်ဆင်းလှပစေခြင်း၊ အမျိုးသားဖြစ် လျှင် ဘုရားတစ်ဆူဆူထံမှောက်တွင် ‘ဧဟိဘိက္ခု - ချစ်သားလာလော့’ ဟုခေါ်တော်မူသည်ကိုခံရပြီး လူဝတ်ပျောက်ကာ အလိုလျောက်ပင် ရဟန်းဘဝရောက်တတ်သည်။ အမျိုးသမီးဖြစ်လျှင် အလွန်အဖိုးတန် သည့် မဟာလတာတန်ဆာဝတ်ဆင်နိုင်ပြီး၊ ဘုရားသာသနာတွေ့ကြုံရလျှင် နိဗ္ဗာန်ကိုမျက်မှောက်ပြုရသည်။
ဝါဆို၊ ကထိန် သင်္ကန်းလှူခြင်းတွင် ထိုအခြေခံအကျိုးများအပြင် သီးသန့်အကျိုးများပါရရှိသည်။ ဝါဆိုသင်္ကန်းကပ်လှူရာတွင် အကျိုးခုနစ်မျိုးရရှိသည်။
ဝါဆိုသင်္ကန်းကပ်လှူခြင်းအာနိသင်(၇)ပါး
၁၊ အဝတ်တန်ဆာအတွက် ကြောင့်ကြရမှုကင်းခြင်း
၂၊ ရုပ်ဆင်းအင်္ဂါတင့်တယ်လှပခြင်း
၃၊ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း
၄၊ အသားအရေနူးညံ့ချောမွေ့ခြင်း
၅၊ မျက်နှာ စသော ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့၌ အဖုအပိန့်၊ အနာကင်း၍ ပင်ကိုယ်လှပခြင်း
၆၊ တောင့်တသောအဝတ်တန်ဆာတို့ ရရှိခြင်း
၇၊ ဘုရားတစ်ဆူဆူမှ ‘ဧဟိ ဘိက္ခု - ချစ်သားလာလော့’ ဟုခေါ်လိုက်ရုံဖြင့် ရဟန်းဖြစ်ခြင်း
ဝါဆိုသင်္ကန်းကပ်လှူနိုင်သောကာလများ
ဝါဆိုသင်္ကန်းကပ်လှူနိုင်သောကာလများကို ဆက်၍ပေါင်းကြည့်လျှင် တစ်နှစ်ပတ်လုံးဖြစ်သည်ကို တွေ့ရသည်။ သို့သော် ကပ်လှူပုံနှင့် သံဃာက သင်္ကန်းကိုပိုင်ဆိုင်ခံယူခွင့်ကွဲပြားသည်။
၁၊ ဝါဆိုလပြည့်ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့်အထိ - ဝါတွင်းသုံးလအတွင်း (ပထမဝါကပ်ခြင်း ကာလသုံးလ)
၂၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ - သင်္ကန်းကာလတစ်လ (ဒုတိယဝါကပ် ကာလအဆုံးထိ)
၃၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ - (ကထိန်အာနိသင်ကာလ ငါးလ)
၄၊ တပေါင်းလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ - နွေရာသီလေးလ
ဝါဆိုသင်္ကန်းကပ်လှူပုံနှင့် သံဃာက သင်္ကန်းကို ပိုင်ဆိုင်ခံယူခွင့်များ
၁၊ ဝါဆိုလပြည့်ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့်အထိ
ဝါတွင်းသုံးလအတွင်း (ပထမဝါကပ်ခြင်း ကာလသုံးလ)
ကပ်လှူသူသည် ‘ဝိဿံ ဝသန္တာနံ ဒမ္မိ - ဝါဆိုဆဲ သံဃာအားလှူပါ၏’ ပြော၍ကပ်လှူရသည်။ ဤသို့ ဝါတွင်း၌ ကပ်လှူလာသောသင်္ကန်းကို ပုရိမ(ပထမ)ဝါ မကျိုးသော သံဃာတို့က ပိုင်ဆိုင်ခံယူခွင့်ရှိသည်။ ဝါကျိုးပြတ်သော သံဃာ၊ ပစ္ဆိမဝါ(ဒုတိယ)ဝါကပ်သော သံဃာတော်များ ပိုင်ဆိုင်ခံယူခွင့်မရှိ။
၂၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ
သင်္ကန်းကာလတစ်လ (ဒုတိယဝါ ကပ် ကာလအဆုံးထိ)
ကပ်လှူသူသည် ‘ဝိဿံ ဝသန္တာနံ ဒမ္မိ - ဝါဆိုဆဲ သံဃာအားလှူပါ၏’ဟု ပြော၍ကပ်လှူရသည်။ ထိုသင်္ကန်းကို ဝါဆိုဆဲဖြစ်သော ပစ္ဆိမ(ဒုတိယ) ဝါကပ်သောသံဃာတို့သာ ပိုင်ဆိုင်ခံယူခွင့်ရှိသည်။ ပုရိမ (ပထမ) ဝါကျွတ်ပြီးသောသံဃာ၊ ဝါကျိုးပြတ်သောသံဃာများ ပိုင်ဆိုင်ခံယူခွင့်မရှိ။
၃၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ
(ကထိန်အာနိသင်ကာလ ငါးလ)
ကပ်လှူသူသည် ‘ဝိဿာဝါသိကံ ဒမ္မံ - ဝါလပတ်လုံးနေခြင်းရှိသော (ဝါဆို)ခဲ့ပြီးသော သံဃာအား လှူပါ၏’ ပြော၍ကပ်လှူရသည်။ ထိုငါးလအတွင်းကပ်လှူသော ဝါဆိုသင်္ကန်းကို ကထိန်ခင်းသည်ဖြစ်စေ၊ မခင်းသည်ဖြစ်စေ ပထမဝါနှင့် ဒုတိယဝါကျွတ်သော သံဃာအားလုံး ပိုင်ဆိုင်ခံယူခွင့်ရှိသည်။ ဝါဆိုခဲ့သော သံဃာများ သဘောတူလျှင် ဝါကျွတ်မှရောက်ရှိသောသံဃာသစ်တို့လည်း ပိုင်ဆိုင်ခံယူခွင့်ရှိသည်။
၄၊ တပေါင်းလပြည့်ကျော်(၁)ရက်မှ ဝါဆိုလပြည့်အထိ
နွေရာသီလေးလ
ကပ်လှူသူသည် ‘ဝိဿာဝါသိကံ’ ဟုပြော၍ကပ်လှူရသည်။ ကပ်လှူသူသည် (၁) ကပ်ခဲ့ပြီးသော အတိတ် (ဝါဆိုသံဃာ)ကိုလည်းကောင်း၊ (၂) မကပ်ရသေးသည့် အနာဂတ် (ဝါဆိုသံဃာ)ကိုလည်းကောင်း ရည်မှန်းကပ်လှူနိုင်သည်။ အလှူခံသံဃာတို့က ‘ဝါဆိုသင်္ကန်းသည် အတိတ်ဝါကိုရည်မှန်းသလော၊ အနာ ဂတ်ကိုရည်မှန်းသလော’ မေးရသည်။ (၁)ကိုရည်မှန်းက ထိုသင်္ကန်းကို ကျောင်းတွင်းဝါဆိုခဲ့သော သံဃာတော်များသာ ပိုင်ဆိုင်ခံယူခွင့်ရှိသည်။ (ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော သံဃာများ ကိုလည်း ဝေစုပေးလိုက်ရသည်။ ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာမှာ ကျောင်းတိုက်သံဃာများ သဘောတူမှရနိုင်သည်။) (၂)ကိုရည်မှန်းက ထိုသင်္ကန်းများကိုသိမ်းထားပြီး လာမည့်ဝါဆိုမည့်နေ့တွင်မှ ခွဲဝေ ရယူရသည်။ သံဃာအဟောင်း၊ အသစ်အားလုံးရယူပိုင်ဆိုင်ခွင့်ရှိသည်။
ဘုရားရှင်ဝါကပ်ခဲ့သည့်နေရာများ
ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ်မှ(၁၄၈)ခုနှစ်တိုင် (၄၅)ဝါသီတင်းသုံး၍ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လာတိုင်း၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
|
ဝါ |
ဝါဆိုရာနေရာများ |
|
၁ဝါ |
ဗာရာဏသီ၊ ဣသိပတန မိဂဒါဝုန်တော |
|
၂ဝါ မှ ၄ဝါထိ |
ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း |
|
၅ဝါ |
ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာကျောင်း |
|
၆ဝါ |
မကုဠတောင်၊ ချရားတော |
|
၇ဝါ |
တာဝတိံသာနတ်ပြည် |
|
၈ဝါ |
ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂါ္ဂယန ဇနပုဒ်အနီး၊ ဘေသကဠာမိဂဒါဝုန်တော |
|
၉ဝါ |
ကောသမ္ဘီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံ ကျောင်းများ |
|
၁၀ဝါ |
ပါလိလေယျက တောအုပ် |
|
၁၁ဝါ |
နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း |
|
၁၂ဝါ |
ဝေဉ္ဇတိုင်း၊ နဠေရုတ တမာပင်ရင်း |
|
၁၃ဝါ |
စာလိယတောင် |
|
၁၄ဝါ |
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း |
|
၁၅ဝါ |
ကပ္ပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း |
|
၁၆ဝါ |
အာဠဝီပြည်၊ မဟာဝုန်ကျောင်း |
|
၁၇ဝါ |
ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း |
|
၁၈ဝါ မှ ၁၉ဝါ |
စာလိယတောင် |
|
၂၀ဝါ |
ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း |
|
၂၁ဝါ မှ ၃၉ဝါ |
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း |
|
ဝါ၄၀ မှ ၄၄ဝါ |
သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း |
|
၄၅ဝါ |
ဝေဠုဝရွာ |
မြန်မာစာပေမှ ဝါဆိုလ
ကိုးခွင်ငယ် မှိုင်းပါလို့
မြင်တိုင်းမှာတဲ့မည်းညို
လဲ့လဲ့ငယ်စို
ယုဂန္ဓိုရ်တောင်မဟာက
ပြုဗ္ဗာသာဠ်ထွန်းတဲ့လကိုလေး။
ဆင်တာရာငယ် ရာသီကရကဋ်
နရိန္ဒာလည်း ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ ပဉ္ဇင်းခံသောခါ
ရေလျှံတဲ့ ဝါဆိုမှာ
ပုန်းညက်ညို မာလာမင်းက သင်းလှတယ်လေး။
မဟာအတုလ မင်းကြီး
ပြုဗ္ဗာသန် ကြယ်ထွန်းလို့
လဝန်းတဲ့ သော်တာ။
သည်ချိန်ကို ယုဂန်ဖျားက
နှစ်ပါးရောင်ခြည်ဆိုက်
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ
ညှာတံကငုံဖူး။
ပုန်းညက်ကယ် ခိုင်ပင်မင်း
သင်းပျံ့ပျံ့ကြူး။
ဖိုးသူတော်ဦးမင်း
မြန်မာတို့၏ ဂုဏ်ယူဖွယ်အချက်များမှာ တစ်ဆယ့်နှစ်လရာသီလုံး ဘာသာရေး၊ ကုသိုလ်ရေးတို့ ပါဝင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဝင်ဝိသေသထူးများနှင့် ထူးခြားပြည့်စုံနေသော ဝါဆိုလသည်လည်း တန်ဖိုးဖြတ်မရသော လတစ်လပင်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ဗုဒ္ဓဘာသာဝင်မြန်မာတို့မှာ ဂုဏ်ရည်ထူး များကို ဆက်လက်ထိန်းသိမ်းဖို့ အထူးလိုအပ်လှတော့သည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၈ ဇူလိုင်လ
ဝေမျှနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။







%20in%20Tavatimsa%20Heaven.jpg)

Comments
Post a Comment