ကျွန်ုပ်လက်ရာ ၃၈၊ သင်္ကြန်ထမင်း

 





        သမိုင်းနဲ့ယဉ်ကျေးမှု လေ့လာရင်း ယိုးဒယားစားစရာ ‘ခေါက်ချဲ’ အကြောင်းဖတ်ဖူးပါတယ်။ အင်္ဂလိပ်လို Rick soaked in cool water  လို့ဘာသာပြန်တယ်။ မြန်မာလို ‘ရေစိမ်ထမင်း’ ပေါ့။ ကမ္ဘာကျော်ရုပ်သံလိုင်း TLC ကလဲ ခေါက်ချဲအကြောင်း ရိုက်ပြဖူးတယ်။ သူတို့အဆိုအရ ခေါက်ချဲဟာ ၁၉ရာစုအစောပိုင်း ရာမာဘုရင်(၂) လက်ထက်၊ ယိုးဒယားမှာပေါ်တဲ့ နွေရာသီစားစရာတဲ့။ ဆိုင်ပိုင်ရှင်က ပြောတယ်။ Very Thai, Very Unique တဲ့။ သူ့ဆိုလိုရင်းက ခေါက်ချဲဟာ “ပြိုင်ဘက်ကင်း ယိုးဒယားစားစရာ” ပေါ့။

            တကယ်က ဒီထမင်းက မွန်ရိုးရာပါ။ မွန်ဆီကယူပြီး ပြန်ကွန့်မြူးကြတာ။ အစီအစဉ်ထဲမှာ သမိုင်းတွေ၊ ဘုရင်တွေအကြောင်း ရှင်းပြပေမဲ့ မွန်အကြောင်း ထည့်ပြောမသွားဘူး။ ခေါက်ချဲသမိုင်း လေ့လာဖတ်ရင် မွန်ရိုးရာဖြစ်ကြောင်း တွေ့ရပါမယ်။ တခြား ယိုးဒယားအစီအစဉ်တွေမှာတော့ မွန်ဓလေ့ဖြစ်ကြောင်း ရှင်းပြထား တာ မြင်မိပါတယ်။ ပြောရရင် မွန်ရိုးရာသင်္ကြန်ထမင်းဟာ သက်တမ်း အတော်ရင့်ခဲ့ပြီဆိုတာပါပဲ။

ဆန်

ငါးခြောက်

သရက်သီး

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငရုတ်သီးတောင့်ခြောက်

ဖယောင်းတိုင်

ရေအေး

ဆီ

ဆား

နနွင်း

            သင်္ကြန်ထမင်းရဲ့သဘောက ရေစိမ်ထမင်းကို ငါးခြောက်ထောင်းကြော်နဲ့ တွဲဖက်စားတာပါ။ ငါးခြောက်ကို သရက်သီးရင့်နဲ့ ကြော်ရတယ်။ ငါးခြောက်ကိုပြုတ်ပြီးထောင်းထား။ သရက်သီးကို ခြစ်နဲ့ခြစ်ထား။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နနွင်းနဲ့ဆီသတ်။ နွမ်းရင် ငါးခြောက်နဲ့ သရက်သီးထည့်ကြော်ပါ။ အရသာ ကြိုက်ရင် ထည့်နိုင်ပါတယ်။ တချို့က ငါးပိ၊ ပုစွန်ခြောက် ထည့်ကြော်တတ်ပါတယ်။

            သင်္ကြန်ထမင်းနဲ့ စားဖို့အတွက် ငရုတ်သီးခြောက်တောင့်ကိုလဲ အတောင့်လိုက်ကြော်ထားရပါတယ်။ ထမင်းအတွက် ဆန်ကောင်းကောင်းကို အတန်ငယ်ပျော့အောင် ချက်ရတယ်။ ဆန်နပ်လို့ချရင် ဆန်ခါနဲ့စစ်ပြီး ရေအေးနဲ့ ဆေးဆေးပစ်ပါ။ ကစီဓာတ်ချွဲတွေကုန်ရင် ရေစိမ်ထားပါ။ ဖယောင်းသင်းရေ ကြိုက်သူများအနေနဲ့ ဖယောင်းငွေ့ခံထားတဲ့ အိုးခွက်ထဲမှာ ရေထည့်ပြီးသုံးရမှာပါ။

            ပြင်ဆင်မယ်ဆိုရင် ဇလုံ ဒါမှမဟုတ် ဇောက်နက်ပန်းကန်ထဲ ထမင်းထည့်ပါ။ ဖယောင်းသင်းရေ ဒါမှမဟုတ် ရေအေးအေးဆမ်းပါ။ သရက်သီးငါးခြောက်ကြော်၊ ငရုတ်သီးတောင့်ခြောက်ကြော် တို့နဲ့တွဲဖက် စားသုံးနိုင်ပါပြီ။

 

ကောလိယ ဝေယံမောင်မောင်

၁၀.၄.၂၀၂၂

Comments