အသံထွက်တူလို့ မှားကြတဲ့ထဲမှာ 'ဆံ့' နဲ့ 'ဆန့်' ပါပါတယ်။ ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားတဲ့ 'စန့်' ကတော့ အသံထွက်မတူပါဘူး။ ဒါပေမဲ့ 'ဆန့်' နဲ့အနက်တူလို့ ဖော်ပြထားခြင်းပါ။
ဆံ့
‘ဆံ့’ ဆိုတာ ‘ဝင်ရောက်တည်နေလောက်သည်’ ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ‘ဝင်ဆံ့တယ်၊ သေတ္တာနဲ့ ဆံ့တယ်၊ အိတ်ထဲကို မဆံ့မပြဲထည့်တယ်’ စသဖြင့် သုံးကြပါတယ်။
ဆန့် (စန့်)
‘ဆန့် နဲ့ စန့်’ဟာ ထူးခြားတယ်။ သူတို့နှစ်ခုရဲ့အဓိပ္ပာယ်က ယေဘုယျအားဖြင့် တူညီတယ်။ ကွေးရာက ဖြောင့်သွားတာကို ‘ဆန့်’ လို့လဲရေးနိုင်သလို ‘စန့်’လို့လဲရေးနိုင်တယ်။ ဥပမာ - ‘ကွေးသောလက် မ(စန့်/ဆန့်)မီ၊ (စန့်/ဆန့်)သောလက် မကွေးမီ။’
‘ဆန့်’ မှာ နောက်အဓိပ္ပာယ်ရှိတယ်။ အဲဒါက ‘ကွာလှမ်းသည်၊ ဝေးသည်’။ ‘မြန်မာပြည်အနှံ့ ခရီးဆန့်တယ်၊ ခြေဆန့်တယ်’ဆိုတာမျိုးမှာ ‘ဆန့်’ကိုသုံးရမှာဖြစ်ပါတယ်။
‘စန့်’မှာကျ ဗန်းစကားမှာသုံးတဲ့ အဓိပ္ပာယ်ရှိသေးတယ်။ ‘သေသည်’တဲ့။ ဥပမာ ‘စန့်စန့်ကြီး သေတယ်။ သေတာများ စန့်နေတာပဲ’ဆိုတာမျိုးဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၁၃.၇.၂၀၂၂

Comments
Post a Comment