ကျွန်ုပ်လက်ရာ ၃၉၊ ပဲပိစပ် ပျဉ်းတော်သိမ် ဗယာကြော်

 





        ခြံထဲမှာ ပျဉ်းတော်သိမ်ပင်တွေ ရင့်မှောင်အောင် စိမ်းနေကြတယ်။ ပျဉ်းတော်သိမ်က အိန္ဒိယမျိုးရင်းပါ။ အင်္ဂလိပ်လို ‘ကာရီ လိဗ်’ (Curry Leaf) လို့ခေါ်တယ်။ အိန္ဒိယမှာကျ တမီးလ်လို ‘ကာရီ ဗီပီလိတ်’ တဲ့။ တယ်လူဂူ လို ‘ကာရီ ဗီပုက’ တဲ့။ သူတို့အမည် ‘ကာရီ’ က အင်္ဂလိပ်ဘာသာ Curry (ဟင်းလျာ)နဲ့ အသံထွက်တူနေတယ်။ 

 

တူမှာပေါ့။ အင်္ဂလိပ် Curry က တမီးလ်ဘာသာကနေ ယူထားတာကိုး။ အနှစ်နဲ့ချက်တဲ့ဟင်းကို ကာရီ လို့ခေါ်ပါတယ်။ ဒီပျဉ်းတော်သိမ်ကို အမည်ရင်းမသိတဲ့ မြန်မာ့ဒေသတချို့မှာ ဆီသတ်ရွက်လို့ ခေါ်ပါတယ်။ 

 

ပဲပိစပ်

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငရုတ်သီး

မန်ကျည်းသီးမှည့်

ဆား

 

ပဲပိစပ်ကို ရေစိမ်ပြီးကြိတ်ထားတယ်။ ပျဉ်းတော်သိမ်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဆား စတာတွေရောပြီး နှပ်လိုက်တယ်။ အချဉ်ဖျော်ဖို့ ခြံပတ်ပြီး အမေကောက်ထားတဲ့ မန်ကျည်းသီးမှည့်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဆား၊ ရေ၊ ခြံထွက်ငရုတ်သီးစိမ်းတို့နဲ့ သမမျှတ စီမံလိုက်တယ်။

 

အကြော်ကြော်ဖို့ အိုးထဲဆီထည့်ပြီး ပူတာနဲ့ ဒိုးပြားအရွယ်လေးတွေ လုံးပြားပြားပြီး ကြော်ပါတယ်။ မီးကလဲ ခပ်လတ်လတ်လောက်မှ ကျက်လဲကျက်၊ မခြစ်လဲမခြစ်တာ။ ကိုင်း… ပျဉ်းတော်သိမ်နံ့ သင်းနေတဲ့ ပဲပိစပ်ကြော်ပူပူလေး။ တို့စားပါအုံးဗျာ အချဉ်လေးလဲ မွှေးချိုသဗျ။

 

ကောလိယ ဝေယံမောင်မောင်


Comments