အာဇာနည်နေ့သမိုင်းဝင်ပုဂ္ဂိုလ် ကျွန်တော့်အဘေး မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ် မဟာသီရိသုဓမ္မ ဦးထွန်းဖြူ
အာဇာနည်နေ့သမိုင်းဝင်ပုဂ္ဂိုလ်
ကျွန်တော့်အဘေး
မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်
မဟာသီရိသုဓမ္မ ဦးထွန်းဖြူ
ကောလိယ ဝေယံမောင်မောင်
မြန်မာ့သမိုင်းတွင်
‘နိုင်ငံတော်လုပ်ကြံမှုကြီး’ ဟုခေါ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်
ကြီးများအသက်ကို ကြံစည်ကျူးလွန်မှုမှာ ဖျောက်မရသော သမိုင်းမှတ်တမ်းကြီးဖြစ်ကြောင်း
အားလုံးသိပြီးဖြစ် သည်။
ထိုနိုင်ငံတော်လုပ်ကြံမှုကြီး
အမှုမှန်ပေါ်ပေါက်ရန် အစိုးရရှေ့နေချုပ်ကြီးအဖြစ် နိုင်ငံကျော် လျှောက်လဲစာတမ်းရေးပြီး၊
စစ်မေးခဲ့သူမှာ မြန်မာနိုင်ငံတော် တရား၀န်ကြီးချုပ်၊ မဟာသီရိသုဓမ္မ ဦးထွန်းဖြူ ဖြစ်သည်။
ဦးထွန်းဖြူမှာ ကျွန်တော့်အဘေး၊ အမေ့အဘိုးဖြစ်သည်။ နိုင်ငံတိုင်း၌ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်
တရားစီရင်ရေးအာဏာဟူသော အာဏာ(၃)ရပ်ရှိသည့်အနက် အဘေး ဦးထွန်းဖြူမှာ တရားစီရင်ရေးအာဏာ၏
အမြင့်ဆုံးရာထူးဖြင့် ထမ်းဆောင်ခဲ့သည်။
● ဦးစောနှင့် လောဘဇော
ဦးစောသည် နိုင်ငံရေးကဏ္ဍ၌
များစွာပါဖူးသည်။ သူ့အကျင့်က ထမင်းစားလျှင်ပင် အနည်းဆုံး တစ်နာရီကြာစားပြီး အိမ်ဘေးရှိ
အင်းလျားကန်ကိုကြည့်ရင်း အကြံထုတ်၊ အငြိုးတွေးတတ်သည်။
နိုင်ငံတော်လုပ်ကြံမှုကြီးမလုပ်မီ
မာကင်တိုင်ဘဏ်ကို ဓားပြတိုက်ရန်ကြံစည်ခဲ့သေးသည်။ မိုးရွာသည့်ရက်၌ သူ့အဖွဲ့များ မိုးကာများဝတ်၊
လက်နက်ဖွက်ပြီး ဘဏ်ထဲ၀င်ရန် အင်းလျားကန်ရှိ ကျွန်းတစ်ကျွန်းတွင် ဇာတ်တိုက်ခဲ့သည်။ သို့သော်
မိုးမရွာခဲ့၍ အထမမြောက်ခဲ့ပေ။
နိုင်ငံရေးလောဘ၌လည်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့၀င် အကြီးအကဲများကို လုပ်ကြံသတ်ဖြတ်လျှင် ဗြိတိသျှအစိုးရ၏
မြန်မာနိုင်ငံဆိုင်ရာဘုရင်ခံ Sir Hubert Rance က သူ့အား အာဏာ လွှဲအပ်မည်ဟု လောဘဇောတက်
ယုံကြည်ခဲ့သည်။ ထို့ကြောင့် (၁၉၄၇) ဇွန်လနောက်ဆုံးပတ်၌ ဘရင်းဂန်း အလက်(၂၀၀)၊ ပြောင်းပို(၂၀၀)နှင့်
လက်နက်ငယ်ကျည် (၁၃၀၀၀) ကို ကြိုတင်စုဆောင်းခဲ့သည်။
● ကျူးလွန်ပုံ
ဦးစောသည် ယခုအမှုကြီး
မကျူးလွန်မီကတည်းက ကိုယ်လွတ်ရုန်းရန် အကြံအစည်ကြီးစွာ စီမံလေ့ရှိသည်။ သူ့အိမ်နေ လူ(၃၀)ခန့်ကို
စာတစ်စောင်စီရေးခိုင်းထားသည်။ ၎င်းစာမှာ “ကျွန်တော်သည် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက်
လောကကြီးကိုစိတ်ပျက်သဖြင့် အသက်ရှင်၍မနေလိုတော့သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါသည်။"
ဟုဖြစ်သည်။ အကယ်၍ ဦးစောက မိမိ၌ အမှုတစ်ခုခုပတ်လာလျှင် ထိုသူကိုသေနတ်ဖြင့်သတ်၍ အင်္ကျီအိတ်ထဲတွင်
စာနှင့်သေနတ်ထည့်ပြီး တစ်နေရာရာ၌ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သယောင်ဖြစ်အောင် အလောင်းကိုစွန့်ပစ်ရန်မည်ဖြစ်သည်။
(၁၉၄၇)ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်၊
နံနက်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများက အတွင်းဝန်များရုံး အနောက်ဘက်ဆောင်ရှိ
ဗိုလ်ချုပ်အောင်ဆန်း၏ အစည်းအဝေးခန်းတွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပသည်။ ဦးစောစေခိုင်းချက်အရ
မောင်စိုး၊ သက်နှင်းနှင့် ရန်ကြီးအောင် တို့မှာ တော်မီဂန်းသုံးလက်၊ စတင်းဂန်တစ်လက်ဖြင့်
(၁၀)နာရီ၊ (၃၇)မိနစ်တွင် ၀င်ရောက်ပစ်ခတ်သည်။
● နိုင်ငံတော်လုပ်ကြံမှုအတွက်
အထူးခုံရုံးဖွဲ့စည်းခြင်း
သို့သော် ဘုရင်ခံက
ဦးစောကဲ့သို့လူကို အာဏာလွှဲဖို့အကြောင်းမရှိပေ။ ဖဆပလအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သခင်နုကို
နိုင်ငံတော်၀န်ကြီးချုပ်ရာထူးဖြင့် အစိုးရသစ်ဖွဲ့ပေးရန် ကြေညာလိုက်သည်။ ထို့ပြင် နိုင်ငံတော်လုပ်ကြံမှုကြီးကို
စီရင်ဆုံးဖြတ်ရန် တရားစီရင်ရေးခုံရုံးကို ဖွဲ့စည်းသည့်ဥပဒေကို (၁၉၄၇)ခုနှစ်၊ သြဂုတ်လ(၃ဝ)ရက်၌
ကြေညာလိုက်သည်။
သို့သော် ဘုရင်ခံလျာထားသည့်
တရားသူကြီးအားလုံးခန့်မှာ “ကျန်းမာရေးမကောင်းဘူး၊ နှလုံးရောဂါ ရှိတယ်၊ သွေးတိုးရှိတယ်။”
စသဖြင့်ရှောင်တိမ်းခဲ့သဖြင့် ထပ်မံရွေးချယ်ရာ (၁၉၄၇) စက်တင်ဘာ(၂၀)မှသာ အထူးခုံရုံး
ဖွဲ့စည်းနိုင်ခဲ့သည်။ အထူးခုံရုံးတွင် နာယက ဦးကျော်မြင့်၊ အဖွဲ့ဝင် ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့
ပါဝင်သည်။
● ဦးထွန်းဖြူ စွဲဆိုလွှာတင်ပြီ
ဦးထွန်းဖြူမှာ တရားဝန်ကြီးချုပ်အဖြစ်
မထမ်းဆောင်မီ ရှေ့နေချုပ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ဂဠုန်ဦးစောအမှုမှာ နိုင်ငံတော်လုပ်ကြံမှုကြီး
အဆင့်ဖြစ်သဖြင့် အဘေး ဦးထွန်းဖြူကိုယ်တိုင် (၁၉၄၇) စက်တင်ဘာ(၂၄)၌ အစိုးရရှေ့နေ/ တရားလိုရှေ့နေအဖြစ်
စွဲဆိုလွှာတင်သည်။ မှုခင်းစီရင်ရန်ဖွင့်သည်။ ထို့နောက် အောက်တိုဘာ(၈)တွင် အင်းစိန်အကျဉ်းထောင်ကြီးအတွင်း
အမှုစတင်စစ်ဆေးရန် သတ်မှတ်သည်။ ပွင့်လင်းမြင်သာသည့် တရားစီရင်ရေးဖြစ်စေရန် အများပြည်သူများ၊
သတင်းထောက်များကို စည်းကမ်းနှင့်အညီ နားထောင်လေ့လာနိုင်ရန် စီစဉ်ပေးသည်။ ဓာတ်ပုံရိုက်ခွင့်လည်းပေးသည်။
အဘေး ဦးထွန်းဖြူကို
ပံ့ပိုးပေးရမည့်သူနှစ်ဦးရှိသည်။ ၎င်းတို့မှာ အစိုးရရှေ့နေ ဦးချွန်ဖောင်နှင့် အထူးအရာရှိ
ဦးမြသိန်းတို့ဖြစ်သည်။ ထိုအမှုမှာ အန္တရာယ်လည်းများပြီး နောက်ကွယ်တွင် ကြံစည်မှုများစွာ
ရှိသောကြောင့် တရားရေးဌာန၊ ပြည်ထဲရေးဌာန၊ ရဲဌာန၊ စုံထောက်အဖွဲ့တို့က အမှုရေးနှင့် လုံခြုံရေး
တို့ကို နေ့ညမပြတ်ဆောင်ရွက်ကြရသည်။
● မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်
မဟာသီရိသုဓမ္မ ဦးထွန်းဖြူ
ကျွန်တော်၏အဘိုး
ပင်းသာ ဦးတင်မောင်မောင်က သူ့ဖခင် ဦးထွန်းဖြူအကြောင်းကို ကျွန်တော် ငယ်စဉ်က မကြာခဏပြောဖူးသည်။
ကျွန်တော်၏ မိခင်ဖြစ်သူကလည်း သူ့အဘိုး ဦးထွန်းဖြူအကြောင်းကို ယခုထိ တစေပြောပြတတ်သည်။
ဦးထွန်းဖြူသည်
(၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်အတွင်း မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။
တရားလွှတ်တော်၌ ရုံးထိုင်သည်။ ထိုစဉ်က တရားလွှတ်တော်ကို High Court ဟုခေါ်သည်။ နောက်ပိုင်းခေတ်တွင်
တရားလွှတ်တော်ချုပ်ဟု ခေါ်သည်။ နောက်ပိုင်း (၁၉၆၂)မှ (၁၉၇၄)အထိ တော်လှန်ရေးကောင်စီခေတ်၌
နိုင်ငံတော်တရားရုံးချုပ် Chief Court ဟုခေါ်ပြန်သည်။
(၁၉၈၈)နောက်ပိုင်း၌
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောင်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီခေတ် ရောက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ခေတ် ရောက်သောအခါ
တရားလွှတ်တော်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အမည်ဖြင့် ဖြစ်လာသည်။
ဦးထွန်းဖြူမှာ တိုင်းပြည်ပြုလွှတ်တော်ခေတ်
(Constituent Assembly) ၏ ပထမဆုံးသော တရားဝန်ကြီးချုပ်ဖြစ်သည်။ တရားရေး၌ ဂုဏ်ထူးဆောင်သဖြင့်
မဟာသီရိသုဓမ္မဘွဲ့ အပ်နှင်းခံရသည်။ မဟာသီရိသုဓမ္မသည် ယခင် ကိုလိုနီခေတ် (၁၉၄၀)ဝန်းကျင်က
ပေးအပ်ခဲ့သော Order of Burma ဘွဲ့များမှ Companion ဘွဲ့နှင့်သဘောချင်းတူသည်။ ဖဆပလခေတ်၌
ပြည်ထောင်စုသင်္ဂဟဘွဲ့အဖြစ် မဟာသီရိသုဓမ္မဟု ပြောင်းလဲအပ်နှင်းခြင်းဖြစ်သည်။
ဦးထွန်းဖြူသည်အင်မတန်
စည်းကမ်းကြီးပြီး စာဖတ်ဝါသနာပါသည်။ သူ့အိမ်၌ စာဖတ်ခန်း သီးသန့်ရှိပြီး စာဖတ်နေချိန်၌
မရန်းသီးတစ်ပန်းကန် ထားပေးရသည်။ အမှု၊ ဥပဒေရေးရာများ ဖတ်ရှုရေးသား လေ့လာနေချိန်တွင်
ဇနီးဖြစ်သူပင် ဝင်ခွင့်မပေးပေ။ စကားကို များများစားစားပြောလေ့မရှိ။ ရုံးတော်၍ ဥပဒေရေးရာအမှုများရှိလျှင်
အခန်းတွင်း၌ လက်တွေ့ပြောဆိုမှုများ ကြိုတင်ဆောင်ရွက်သည်။
● ဦးထွန်းဖြူနေအိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်း
အဘေး ဦးထွန်းဖြူမှာ
ပြည်လမ်း Club and Grade နှင့် မျက်နှာချင်းဆိုင်ရှိ ယောက္ခမဖြစ်သူ ရာဇဝတ်ဝန်ကြီး ဦးထွန်းမင်း၏အိမ်တော်၌
ဇနီးသည် ဒေါ်တင်တင်နှင့်အတူ နေထိုင်သည်။ မင်းသား ဝင်းဦးနှင့် အိမ်ချင်းနီးသည်။ နောင်သော်
ယခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့သို့ ပြောင်းရွှေ့
နေထိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်းက
(၁၉၄၇)အတွင်းက ဦးထွန်းဖြူအိမ်သစ်အနီး၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အောက်ရှိ လူတစ်ယောက်ဖက်စာ
ကညင်ပင်ကြီးသုံးပင်ပေါ်၌ “တစ်နှစ်အတွင်း လွပ်လပ်ရေးရစေရမယ်။” ဟု ဆိုင်းဘုတ်လာချိတ်ဖူးသည်။
ထိုအကြောင်းကို အဘေးအိမ်၌ နေထိုင်လုပ်ကိုင်ခဲ့ပြီး MM Private School တွင် ကျောင်းတက်ခဲ့သူ
ဦးတိုးကပြောသည်။ ဦးတိုးသာ ယခု(၂၀၂၀)ပြည့်နှစ်၌ သက်ရှိထင်ရှားရှိသေးလျှင် အသက်(၉၀)ခန့်ရှိလိမ့်မည်။
● ဦးစောအတွက် ရှေ့နေငှားခြင်း
တရားစီရင်ရေးထုံးစံအတိုင်း
တရားခံဘက်က ရှေ့နေငှားပိုင်ခွင့်ရှိသည်။ ရှေ့နေမငှားရမ်းနိုင်လျှင် အစိုးရစရိတ်ဖြင့်
ငှားရမ်းပေးသည်။ ဦးစောက အင်္ဂလန်တွင်ရောက်နေသော ရှေ့နေ Benjamin Raphael Vertannes
ကိုမှ ငှားရမ်းလိုသဖြင့် အောက်တိုဘာ(၁၅)အထိ ဆိုင်းပေးခဲ့သည်။ နောက်ဆုံးတွင် လန်ဒန်မှ
ရှေ့နေ ကားတစ်ဘက်နက် လာရောက်သည်။
● အမှုခေါင်းစဉ်တပ်ပုံ
ထိုချိန်က မြန်မာပြည်မှာ
အင်္ဂလိပ်ကိုလိုနီလက်အောက်၌သာ ရှိသေးသည်။ (၁၉၄၇)ခုနှစ်၊ အမှုကြီးအမှတ်(၁)ဖြင့် နိုင်ငံတော်ကတရားလိုအဖြစ်
တရားစွဲသည်ကို ဆဋ္ဌမမြောက်ဂျော့ဘုရင် Albert Frederick Arthur Windsor က တရားစွဲသည်ပုံစံဖြင့်
အမှုခေါင်းစဉ်တပ်သည်။ အမှုအမည်အပြည့်အစုံမှာ
“ဘုရင်နှင့် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး(ခ)လှအောင်၊ ရန်ကြီးအောင်(ခ)
လှထွန်း၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ (ခ) ဘိုနီ (ခ) ဂနီ နှင့် မှုန်ကြီး (ခ) မောင်မှုံ”
ဖြစ်သည်။
အမည်တိုရေးထုံးအဖြစ်
“ဘုရင်နှင့် ဦးစောပါ ကိုးဦး” ဖြစ်သည်။ နောင်အခါတွင် ဥပဒေပညာရှင်ကြီး ဒေါက်တာ မောင်မောင်က
သူရေးသားသော နိုင်ငံတော်လုပ်ကြံမှုစာအုပ်တွင် နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့်
ဦးစော) ဟု သုံးနှုန်းဖော်ပြသေးသည်။
● ဦးထွန်းဖြူ၏ သမိုင်းဝင်လျှောက်လဲချက်စာတမ်း
နိုင်ငံတော်လုပ်ကြံမှုကြီးအတွက်
အဘေး ဦးထွန်းဖြူက စာမျက်နှာ(၃၅)မျက်နှာရှိသော စာတမ်းကို ပြုစုလျှောက်လဲသည်။ တရားလိုပြသက်သေများမှန်ကန်၍
စွဲချက်များထင်ရှားကြောင်း နေ့စဉ်ရက်ဆက် ကိုင်တွယ်တင်ပြသည်။ နောက်ဆုံး စီရင်ချက်ချသောနေ့၌
စီရင်ချက်မှာ စာမျက်နှာပေါင်း (၈၄)မျက်နှာထိရှိ၍ နာယက ဦးကျော်မြင့်က (၂)နာရီကျော်ကြာသည်အထိ
ဖတ်ကြားခဲ့ရသည်။
ထို့ကြောင့် ယနေ့အချိန်ထိ
ဥပဒေသမားများအားလုံးနှင့် ဥပဒေလေ့လာသူအားလုံး ပြည်ထောင်စုနှင့် ဦးစော စီရင်ချက်ကို
မပျက်မကွက်ဖတ်ရှုလေ့လာသင့်ကြောင်း စံအဖြစ်ညွှန်းဆိုခဲ့ကြသည်။
● ဦးထွန်းဖြူစစ်မေးသော တရားခံကိုးဦး
၁၊ ဦးစော (အဖွဲ့ခေါင်းဆောင်)
၂၊ မောင်စိုး
(လူသတ်သမား၊ ၄၀နှစ်၊ ဦးစောတပည့်ရင်းနှင့် တိုင်ပင်ဖက်
မင်းလှမြို့နယ်သား)
၃၊ သက်နှင်း
(လူသတ်သမား၊ ၄၀ကျော်
ကျိုက်လတ်မြို့ မျိုးချစ်ပါတီခေါင်းဆောင်)
၄၊ မောင်စိန် ခေါ် စိန်ကြီး ခေါ် လှအောင်
(လူသတ်သမား၊ ၂၂နှစ်၊ ဂျပန်တော်လှန်ရေးတပ်သားဟောင်း
လူရည်သန့်၊ မိဘများက ဦးစောထံအပ်နှံ၊ ဦးစောကိုမကြိုက်၍
သုံးကြိမ်တိုင်ထွက်ပြေးဖူး၊ တော်လှန်ရေးကာလက ချစ်ခဲ့သည့်
သူနာပြု နှင့် ပြန်တွေ့ခြင်း ဦးစောသမီး ဘေဘီစောကို နှမသဖွယ်
ချစ်ခင်ခြင်းကြောင့် ဆက်နေဖြစ်၊ ကျူးလွန်သည့်နေ့က
ဒရိုင်ဘာကို လမ်းညွှန်၊ ကြိုပင်ကောက်ဇာတိ)
၅၊ ရန်ကြီးအောင် ခေါ် လှထွန်း
(လူသတ်သမား၊ ၁၆နှစ်၊ ဦးစောတူ၊ ဗိုလ်ချုပ်ကိုမမြင်ဖူး
အတွင်း၀န်ရုံးနေရာလည်းမသိ၊ လုပ်ကြံ၍မသွားမီ
သေနတ်သမားတစ်ဦးလို၍ ခေါ်သွားခံရ)
၆၊ သုခ
(ဒရိုင်ဘာ၊ ၄၁နှစ်၊ ကျိုက်လတ်၌ မိသားစုနှင့်စိုက်ပျိုးရေးလုပ်
သက်နှင်းနှင့်ဆက်စပ်ပြီး ဦးစောထံ ရက်၄၀ ကြိုရောက်
ဂျစ်ကားမောင်း၍ ကျူးလွန်ရေးပို့ဆောင်ခဲ့)
၇၊ ခင်မောင်ရင်
(ကြံရာပါ၊ ဦးစောကို အများဆုံးသွားလာပို့ဆောင်ရသူ
ကျူးလွန်သည့်နေ့တွင် မှုံကြီး၊ ကိုနီ၊ ဘညွန့် တို့နှင့်
ကားတစ်စီးဖြင့်ကြိုထွက်၊ ဗိုလ်ချုပ်တို့သတင်းပို့
တရားခွင်တွင် ပထမဆုံး အလုံးစုံဖော်ထုတ်၀န်ခံ)
၈၊ မောင်နီ (ကြံရာပါ)
၉၊ မှုန်ကြီး ခေါ် မောင်မှုန်
(ကြံရာပါ၊ ၃၀နှစ်၊ ပညာမတတ်အိမ်ဖော်
ဗိုလ်ချုပ်ရုံးတက် မတက်နှင့် လှုပ်ရှားမှုသတင်းပို့)
ဘညွန့်မှာ အသက်(၃၀)အရွယ်ရှိပြီး
တရားရုံးစာရေးလုပ်ဖူးသဖြင့် ဥပဒေကိုနားလည်သည်။ တရားသူကြီးထံ အလုံးစုံဖြောင့်ချက်ပေးရန်
ဖော်ကောင်လက်မှတ်တောင်းခံခဲ့၍ တရားခံမဖြစ်ခဲ့။ "ဖော်ကောင် ဘညွန့်" ဟု အမည်တွင်သည်။
● ပြစ်ဒဏ်စီရင်ခြင်း
နိုင်ငံတော်လုပ်ကြံမှုကြီးကို
(၃)လအတွင်း (၃၇)ကြိမ်ရုံးထိုင်ခဲ့သည်။ ဦးထွန်းဖြူက အစိုးရရှေ့နေအဖြစ် များစွာစစ်ဆေးခဲ့ရသည်။
ဦးစောက သူ့လက်အောက်ငယ်သားများ စိတ်လက်မာန်ပါ လုပ်ကြခြင်းသာ ဖြစ်ကြောင်းလိမ်၍ အပြစ်ရှောင်သည်။
နောက်ဆုံး၌ အဘေး ဦးထွန်းဖြူ၏ စစ်ဆေး၊ တင်သွင်းမှုများကြောင့် (၁၉၄၇)၊ ဒီဇင်ဘာ(၃၀)တွင်
တရားရုံးက မှန်ကန်သောပစ်ဒဏ်များ ချမှတ်ခဲ့သည်။
တရားရုံးတော်က မောင်စိုး၊
သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ (၃၄)နှင့် ယှဉ်တွဲဖတ်ရသည့်
ရာဇသတ်ကြီးပုဒ်မ ၃၀၁ (၁) (ခ) အရ ပြစ်ဒဏ်ထိုက်သင့်သော အကြံတူဉာဏ်တူ ပူးပေါင်းကျူးလွန်သည့်
လူသတ်မှုအတွက် သေဒဏ်ချမှတ်သည်။ ဦးစော၊ သုခ၊ မှုန်ကြီး၊ မောင်နီ၊၊ ခင်မောင်ရင် တို့အပေါ်
ရာဇသတ်ကြီးပုဒ်မ (၁၀၉)နှင့် ယှဉ်တွဲဖတ်ရသော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ ရာဇဝတ်မှုကျူးလွန်သည့်အတွက်
သေဒဏ်ချမှတ်လိုက်သည်။
ပြစ်မှုထင်ရှားသူများအနေဖြင့်
စီရင်ချက်ချသည့်နေ့မှစ၍ (၇)ရက်အတွင်း အယူခံဝင်နိုင်သည်။ ထို့ကြောင့် ဦးစောက တရားလွှတ်တော်၊
တရားလွှတ်တော်ချုပ်၊ သမ္မတထိတိုင် အဆင့်ဆင့်အယူခံ ဝင်သော်လည်း အဘေးဦးထွန်းဖြူ၏ သမိုင်းဝင်လျှောက်လဲစာတမ်းကို
မယှဉ်သာဘဲ နောက်ဆုံးအယူခံကို (၁၉၄၈)၊ ဧပြီ(၂၇)တွင် တရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည်။
ထို့ကြောင့် ပစ်မှုအလိုက်
သေဒဏ်၊ တစ်သက်တစ်ကျွန်းနှင့် နှစ်ကြီးထောင်ဒဏ်များ ချမှတ်သည်။ (၁၉၄၈)ခုနှစ်၊ မေလ(၈)ရက်၊
နံနက်(၅)နာရီ၊ (၃၃)တွင် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့ကို အင်းစိန်အကျဉ်းထောင်၌
လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင် တို့ကို ယခု ရန်ကုန်အထွထွေရောဂါကု ဆေးရုံကြီးနေရာ၊
ယခင် ရန်ကုန်အကျဉ်းထောင်တွင် လည်းကောင်း ကြိုးပေးသည်။
တရားလွှတ်တော်ချုပ်သို့
အယူခံတင်သွင်းအပြီး သမ္မတထံ အယူခံဆက်လက် တင်သွင်းသဖြင့် ခင်မောင်ရင်၊ ကိုနီနှင့် သုခ
တို့ကို သေဒဏ်အစား အင်းစိန်ထောင်တွင် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။
● အဘေး ဦးထွန်းဖြူနှင့် ဘေးမ
ပင်းသာတင်တင်တို့ ဖူးစာ
ဦးထွန်းဖြူမှာ ခန့်ညားချောမောသည့်
ယိုးဒယားလူမျိုး၊ ဘန်ကောက်ဇာတိဖြစ်သည်။ ငယ်စဉ်က လူငယ်ဘာဝ ခပ်ဆိုးဆိုးဖြစ်သည်။ သို့သော်
ဉာဏ်ရည်အလွန်ထက်မြက်သည်။ မိဘများက ယိုးဒယားမှ နာမည်ကျော် ကျောက်စိမ်းတွင်းပိုင်ရှင်များဖြစ်ပြီး
အင်မတန်ကြွယ်ဝသည်။ သားဖြစ်သူ၏ ထူးချွန် ထက်မြက်မှု ကိုသိ၍ အင်္ဂလန်နိုင်ငံသို့ ၀တ်လုံတော်ရအဖြစ်ပညာသင်စေသည်။
ဝတ်လုံတော်ရ (Barrister at Law ဘာရီစတာ) ဖြစ်သည်။ ဝတ်လုံတော်ရ ရှေ့နေလိုက်ခွင့်ကို
အင်္ဂလန်နိုင်ငံမှ ရရှိထားသူဖြစ်သည်။ ယိုးဒယားမှ မြန်မာနိုင်ငံသို့လာရောက်၍ တရားရေးတာ၀န်များ
ထမ်းဆောင်စဉ် တစ်နေ့၌ ဗြိတိသျှတော်ဝင် ဝေလမင်းသား လာရောက်သည်။
ဦးထွန်းဖြူနှင့်
ဖူးစာဆုံမည့် ကျွန်တော့်ဘေးမ ပင်းသာ တင်တင် (မာရီထွန်းမင်း)မှာ မင်းမျိုးဖြစ်ပြီး ထိုစဉ်က
ရန်ကုန်ကတ္ကသိုလ်မှ ထူးချွန်ထင်ရှား၍ လှပသောကြောင့် နာမည်ကျော်သူဖြစ်သည်။ ပထမဆုံး မြန်မာလူမျိုး
ရာဇဝတ်ဝန်ကြီးမင်း ဦးထွန်းမင်းနှင့် ပင်းသာခင်ခင်ကြီး၏ သမီးဖြစ်သည်။ သူ့မိခင် ပင်းသာခင်ခင်ကြီး၏
အဘိုးမှာ မိဖုရားကြီး၏မောင် ပင်းသာမင်းသားကြီး ဖြစ်သည်။ ပင်းသာမင်းသားကြီး၊ ပင်းသာခင်လေးနှင့်
ရနောင် မောင်မောင်တုတ် တို့မှာ မောင်နှမသုံးယောက်ဖြစ်သည်။
ဦးထွန်းဖြူနှင့်
ဖူးစာဆုံမည့် ပင်းသာ တင်တင်၏ ဖခင်မှာ မြန်မာ့ပထမဆုံး မြန်မာလူမျိုး ရာဇဝတ် ဝန်ကြီးမင်းဖြစ်သည့်အပြင်၊
ထိုခေတ်က ပညာမြင့်မားလှသောပညာအရ မြန်မာနိုင်ငံတွင် ပထမဆုံး ကိုးတန်းအောင်သူဖြစ်သဖြင့်
ဘုရင်ခံကိုယ်တိုင် အခမ်းအနားကြီးကျင်းပ၍ အပ်နှင်းပေးခဲ့ရသည့် ဦးထွန်းမင်း ဖြစ်သည်။
ဝေလမင်းသားလာသည့်နေ့တွင်
ဘေးမ ပင်းသာတင်တင်က ရာဇဝတ်၀န်ကြီးမင်း၏ သမီးဖြစ်၍ လေယာဉ်ကွင်း၍ ပန်းစည်းဆက်သည်။ ဝေလမင်းသားနှင့်
ညစာစားပွဲ၌ အဘေး ဦးထွန်းဖြူက ဘေးမ ပင်းသာတင်တင်ကိုတွေ့၍ မြင်မြင်ချင်းချစ်ကြိုက်မိသည်။
ထို့နောက် မည်သူမည်ဝါ၏သမီးဖြစ်ကြောင်း စုံစမ်းရာ ရာဇဝတ်၀န်ကြီးမင်း၏ သမီးဖြစ်ကြောင်းသိလျှင်
ရိုသေစွာတောင်းရမ်းရာ ဘေးမကလည်း ကြည်ဖြူသဖြင့် ဖူးစာဖက်ခဲ့ကြသည်။
(ဤအကြောင်းကို နောင်၌ဝတ္ထုရေးသားဖြစ်ခဲ့ပြီး
ရန်ကုန်တက္ကသိုလ်ရာပြည့် ဝတ္ထုဆုရရှိခဲ့သည်။)
● သားကြီး ပင်းသာ တင်မောင်မောင်ကို
ဖခင်နှင့် အဘိုးဖြစ်ကြသော တရားဝန်ကြီးချုပ်နှင့်
ရာဇဝတ်ဝန်ကြီးမင်းတို့လုကြ
ဦးထွန်းဖြူနှင့်
ပင်းသာတင်တင်တို့က ကျွန်တော့်အဘိုး၊ ကျွန်တော့်မိခင်၏ အဖေ ပင်းသာ တင်မောင်မောင်ကို
(၁၉၂၄)တွင် မွေးဖွားသည်။ အဘိုးမှာ ဥတ္တရတိုင်း ရဲမင်းကြီးဘွဲ့ရရှိသည့် ရဲအရာရှိလည်း
ဖြစ်သည်။ ယစ်မျိုးအရာရှိလည်းဖြစ်သည်။ နောက်ဆုံး၌ တိုင်းအခွန်ဦးစီးမှူးဖြင့် အငြိမ်းစားယူခဲ့သည်။
အားကစားလည်း ထူးချွန်ပြီး အင်္ဂလိပ်ခေတ်က ထူးချွန်ဘောလုံးသမားတစ်ဦးလည်း ဖြစ်သည်။
စိတ်ဝင်စားစရာကောင်းသည့်
အချက်ရှိသည်။ တစ်နေ့သော် အဘိုး တင်မောင်မောင်၏မိခင် ပင်းသာတင်တင် ကွယ်လွန်သည်။ ထို့နောက်
ကျန်ရစ်သော အဘိုး တင်မောင်မောင်ကို ရလိုမှုဖြင့် အဖေဖြစ်သူ တရားဝန်ကြီးချုပ် ဦးထွန်းဖြူကတစ်ဖက်
သူ့အဘိုး ရာဇဝတ်ဝန်ကြီးမင်း ဦးထွန်းမင်းကတစ်ဖက် တရားရုံးတွင် ဦးတိုက်လျှောက်ထားကြသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်ကြီးနှစ်ဦး၏ အမှုပင်။
နောက်ဆုံး အဖေဖြစ်သည့် ဦးထွန်းဖြူက အနိုင်ရသည်။ ဦးထွန်းဖြူက သားဖြစ်သူကို အင်္ဂလန်နိုင်ငံသို့
ပညာတော်သင်ပို့ရန် စီစဉ်သည်။ အင်္ဂလန်ရောက်လျှင် စာထည့်ရန် လိပ်စာ၊ တံဆိပ်ခေါင်းအသင့်တပ်ပြီး
စာအိတ်များပေးလိုက်သည်။
သို့သော် အဘိုး
ပင်းသာတင်မောင်မောင်မှာ အင်္ဂလန်သင်္ဘောပေါ်တက်လုနီး အလွန်ငိုသဖြင့် ကပ္ပတိန်ကစိတ်မကောင်း၍
မထည့်ရန်မေတ္တာရပ်ခံသဖြင့် အင်္ဂလန်သို့ မသွားဖြစ်ခဲ့ပေ။
အဘိုးက ကျွန်တော့်အဘွားဖြစ်သူ
အလောင်းမင်းတရားအနွယ်တော် ကောလိယ ဒေါ်တင်တင်နှင့် မန္တလေး၌ဖူးစာဆုံသည်။ ဒုတိယကမ္ဘာစစ်အတွင်း
စစ်ကိုင်းတောင်ရိုးအနီး၊ ဝါးချက်ကျေးရွာတွင် စစ်ရှောင်ရင်း လူကြီးစုံရာဖြင့် ထိမ်းမြားလက်ထပ်ခဲ့သည်။
ဦးကိုကိုကြီး၊ ဦးကိုကိုလေး၊ ကျွန်တော့်မိခင်၊ ဒေါ်မမကြီး၊ ဒေါ်မမလေး၊ ဒေါ်မမဌေး စုစုပေါင်း
သားသမီးငါးဦး မွေးဖွားခဲ့သည်။ အဘိုး ပင်းသာ တင်မောင်မောင်မှာ အသက်(၇၆)နှစ်၊ (၂၀၀၀)ပြည့်နှစ်၊
ဖေဖော်ဝါရီလ(၂)ရက်၌ အနိစ္စရောက်သည်။
● အစိုးရသစ်တက်ချိန်
ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့
ညနေတွင် ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ တိုင်းပြည်ပြုလွှတ်တော် ဥက္ကဋ္ဌ ဦးနု (သခင်)နုက
နိုင်ငံတော်ဝန်ကြီးချုပ် နေရာနှင့် ကျန်ခေါင်းဆောင်များလည်း အသီးသီးတာဝန်ယူ ခဲ့ကြသည်။
နောက်ပိုင်းတွင်
အဘေး ဦးထွန်းဖြူသည် တိုင်းပြည်ပြုလွှတ်တော်ခေတ်တွင် တရားစီရင်ရေး အာဏာ၏အကြီးဆုံးဖြစ်သော
မြန်မာနိုင်ငံတော် တရား၀န်ကြီးချုပ်အဖြစ် ဆက်လက်ထမ်းဆောင်ခဲ့သည်။ တရားစီရင်ရေးမဏ္ဍိုင်၌သာမက
နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေအပါအ၀င် ဥပဒေပြုရေးမဏ္ဍိုင်၌ပါ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
● ဦးထွန်းဖြူနှင့် ဒုတိယ အိမ်ထောင်
ဘေးမ ပင်းသာ တင်တင်
ကွယ်လွန်ပြီးနောက် အဘေး ဦးထွန်းဖြူမှာ တရားဝန်ကြီး ဦးသင်း၏သမီး၊ ပင်းသာ တင်တင်၏ သူငယ်ချင်း
ဒေါ်တင်တင် (လီလီသင်း) နှင့် တစ်ပင်ထူခဲ့သည်။ ထို့ကြောင့် ဦးထွန်းဖြူသား ကျွန်တော့်အဘိုး
ပင်းသာ တင်မောင်မောင်မှာ အမေတင်တင်၊ မိထွေးတင်တင်၊ ဇနီးတင်တင် ဟု ပြောလေ့ရှိသည်။
ဦးထွန်းဖြူသည် နောက်အိမ်ထောင်ဖြင့်
သားသမီးငါးဦးမွေးဖွားသည်။
၁၊ ၀တ်လုံတော်ရ ဦးသန်းအောင်
(ဇနီးမှာ သမ္မတကြီး ဦးဘဦးသမီး ဒေါ်ခင်စောဦးဖြစ်။
တော်လှန်ရေးကောင်စီ လက်ထက်၊ ဒေါက်တာမောင်မောင်
တရားသူကြီးချုပ် ဖြစ်ချိန်တွင် တရားလွှတ်တော်ချုပ်၏
တရားသူကြီးအဖြစ် ထမ်းဆောင်ခဲ့။ စင်္ကာပူနိုင်ငံ၏ အကြီးဆုံး
OCBC ဘဏ်ဥက္ကဋ္ဌ။)
၂၊ စင်္ကာပူနိုင်ငံ တရားရုံးချုပ်ရှေ့နေ ဒေါက်တာမြင့်စိုး
(ဇနီးမှာ စင်္ကာပူ၀န်ကြီးချုပ် လီကွမ်ယု၏ခယ်မဖြစ်။
စင်္ကာပူနိုင်ငံ ၀တ်လုံတော်ရ Mrs. Verginia)
၃၊ ၀တ်လုံတော်ရ ဒေါ်မြမြအေး
(ခင်ပွန်းမှာ ဝန်ကြီးချုပ် ဦးနု၏သားဖြစ်။
MCI လီမိတက်ဥက္ကဋ္ဌ ဦးအောင်ရဲမြင့်)
၄၊ ၀တ်လုံတော်ရ ဦးထွန်းနိုင်
(ဥပဒေအကြံပေး၊ စွမ်းအင်၀န်ကြီးဌာန
ဇနီး ဒေါ်ခင်သက်ကြည်ကြည်)
၅၊ ဦးအောင်တင့်
(ကုန်သည်ကြီး၊ ဇနီး ဒေါ်ခင်မာလာရှိန်)
အဘေး ဦးထွန်းဖြူကို ကန်တော့လျက်
ကောလိယ ဝေယံမောင်မောင်
၁၉.၇.၂၀၂၀
● ကိုးကား
▪ ပင်းသာမိသားစု ဆွေစဉ်မျိုးဆက်ဇယား
▪ ဦးထွန်းဖြူ၏သားကြီး အဘိုး
ပင်းသာဦးတင်မောင်နှင့် မိခင် ကောလိယ ဒေါ်မမကြီးတို့၏ မှတ်တမ်းများ
▪ မြန်မာ့စွယ်စုံကျမ်း
▪ နိုင်ငံတော်လုပ်ကြံမှု (ဒေါက်တာ
မောင်မောင်)
▪ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
(ရွှေဥဒေါင်း)
▪ ထောင်နှင့်လူသား (လူထုဦးလှ)
▪ ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည့် လုပ်ကြံမှုကြီးအတွင်းရေးများနှင့်
ဦးစော၏ ကြိုးစင်သို့အသွား ၀န်ခံစကားများ (ဟံသာဝတီ ဦးအုန်းကြိုင်)





-16%202.jpg)





Comments
Post a Comment