ကျွန်ုပ်လက်ရာ ၄၁၊ ကဆစ်သီးကြော်ချက်

 




    တစ်ဆစ်သီးလို့ မှားခေါ်တတ်တဲ့ ‘ကဆစ်သီး’၊ ငပြုတ်သခွားလို့ လွဲခေါ်တတ်တဲ့ ကဆစ်သီး’ပေါ့။ သခွားမျိုးရင်းမို့ ကဆစ်သခွားလို့ ခေါ်တတ်တယ်။ အညာရဲ့ပေါက်ပင်။ စည်းရိုး၊ စောင်းရန်း၊ ခြုံပုတ်ထက်မှာ ဖရဲသီးပေါက်စလေးတွေလို တွဲရရွဲဆင့်နေတတ်တယ်။ အချိုလဲရှိသလို အခါးလည်းရှိတယ်။ နှစ်ခုလုံး စားလို့ ရပါတယ်။ အိန္ဒိယမှာဆို အဆာလဲခံအောင်၊ အစာလဲကြေအောင် နံနက်စာထဲမှာ ထည့်စားကြသတဲ့ဗျာ။

 

ကဆစ်သီး

စိမ်းစားငါးပိ

ကြက်သွန်ဖြူ

ကြက်သွန်နီ

ဆီ

ငရုတ်သီးခွဲခြမ်း

နနွင်းမှုန့်

 

            ကဆစ်သီး လုံးလုံးလေးတွေကို ထပ်ခြမ်းခွဲလိုက်တယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီလှီးတယ်။ အဖြူကို အရင်ဆီသတ်ပါတယ်။ အနီနဲ့ရောသတ်လဲရတယ်။ ကျွန်တော်က အဖြူဆီသတ်ပြီး ဖယ်ထားလိုက်တာ။ အနံ့လေးကိုသင်းလို့။ ပြီးတော့ အဲဆီထဲကို အနီကိုဆီသတ်ပြန်တယ်။ ကြက်သွန်နီဖတ်လေးတွေ အိလာတဲ့အခါ ငါးပိစိမ်းစား လက်တစ်ဆစ်လောက် ပစ်ထည့်လိုက်တယ်။ ပုစွန်ခြောက်ကြိုက်သပါ့ဆိုလဲ ထည့်ပေါ့ဗျာ။ ငါးပိ တစ်စစီကွဲပြိုပြီး ကြက်သွန်နီဖတ်တွေလိပ်လာတော့ နနွင်းနှုန့်၊ ငရုတ်သီးခွဲခြမ်းထည့်တယ်။ 

 

ဟော အရောင်လေးတက်လာပြီ။ ကဆစ်သီးခြမ်းတွေ၊ ကြက်သွန်ဖြူကြော်ဖတ်လေးတွေ ထည့်ပြီး ခဏလှေ့ပေးနေတယ်။ ပြီးတော့ ရေသင့်ရုံထည့်ပြီး အိုးဖုံးပိတ်ထားပါတယ်။ မကြာပါဘူးအိလာပြီ။ ရေစပ်စပ်ကလေးချန်ထားပြီး ချလိုက်ပါတယ်။ ဒါ အညာဟင်းလျာ ကဆစ်သီးကြော်ချက်ပေါ့။ သူတစ်ခွက်နဲ့တင် ဟင်းဖြစ်တယ်ဆိုတာတော့ ယုံစေချင်တယ်ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၁၅..၂၀၂၂ 

#ကျွန်ုပ်လက်ရာ
            #ကောလိယဝေယံမောင်မောင် 

 

Comments