ပင်လယ်ကြမ်းပြင်မှာ စိမ်းဝါဝါရေမှော်တွေ ရေလှုပ်တိုင်းယိမ်းကနေကြတယ်။ ဒီရေမှော်တွေ ကုန်းပေါ် တက်လာပြီးလူတွေစီမံတော့ ကျောက်ကျောမှုန့်၊ ကျောက်ကျောချောင်း ဖြစ်လာတော့တာပဲ။ ကျောက်ကျောဆို ကြိုက်လွန်းလို့ အဖုံဖုံလုပ်စားဖြစ်တယ်။ သီးသီးကျောက်ကျော၊ ထောပတ်သီးကျောက်ကျော စသဖြင့်လဲ အရင်ကရေးဖူးတယ်။ နွားနို့ကျောက်ကျောကိုတော့ ပိုကြိုက်လို့ ပိုလုပ်စားဖြစ်ပါတယ်။
ကျောက်ကျောမှုန့် (သို့) ကျောက်ကျောချောင်း
သကြား
နွားနို့
နွားနို့က ရေမရောလို့ ပျစ်နှစ်နေတာ။ ရေသန့်နှစ်ဘူးရှိတယ်။ ကျောက်ကျောပုံမှန် အထုပ်တစ်ထုပ်စာ အတွက်ကွက်တိ။ နွားနို့ကို ဆူအောင်တည်တယ်။ ဆူတော့ ကျောက်ကျောထုပ် ထည့်တယ်။ သကြားကတော့ ကြိုက်သလောက်ထည့်ပေါ့။ နွားနို့ကျောက်ကျောက ဆိမ့်ဆိမ့်လေးလဲကောင်းသလို ချိုချိုလေးလဲ ကောင်းတယ်။ သကြားတွေပျော်အောင် ဆက်မွှေပြီး ခဏကြာရင်ချလို့ရပြီ။
ကျွန်တော်က ပလတ်စတစ်ဘူးလေးတွေနဲ့ အခဲခံတယ်။ အတုံးလေးတွေတုံးပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်။ အွန်လိုင်းသင်တန်းတွေ ပို့ချပြီးလို့ ချိုချိုအေးအေးလေး စားချင်တဲ့အခါကျ ဘူးလေးဖွင့်ပြီး တစ်တုံးဆိုတစ်တုံး မြုံ့လိုက်ရင် ပါးစပ်ကနေ အစာအိမ်ထိ အေးဆင်းသွားတာပဲဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၉.၅.၂၀၂၂




Comments
Post a Comment