ကျွန်ုပ်လက်ရာ ၄၃၊ တကယ်မွတဲ့ ကြက်မွကြော်

 







        ကြက်မွ၊ ဝက်မွ၊ ဘာမွမွ တကယ်မွမှ ပါးစပ်ထဲ ကောင်းကောင်းဝင်၊ ရောင်းတန်းလဲ ကောင်းကောင်း ဝင်တာပါ။ ပါးစပ်ထဲမှာ အရည်ပျော်မတတ် ရွနေ၊ မွနေဖို့က သေချာကြော်ရတယ်။ ပျဉ်းတွဲတွဲဖြစ်နေရင် ဝါးချင်စိတ်ထက် မျိုချင်စိတ် ပိုများလာတယ်။ အခုနည်းက အိမ်မှာ မကြာခဏ ကြော်ပေးရတဲ့နည်းပါ။

 

ကြက်သား

ကြက်သွန်ဖြူ

ကြက်သွန်နီ

ဆီ

နနွင်း

ဆား

အရောင်တင်မှုန့် (သို့) ငရုတ်သီးအကြမ်းဖတ်

 

            ကြက်သားကို ရေအထပ်ထပ်ဆေးပြီး ဆား၊ နနွင်းနဲ့ပြုတ်ထားလိုက်တယ်။ အမည်းဖတ်လေးတွေကို ခပ်ခပ်ထုတ်ပစ်တယ်။ ရေနဲ့ကြက် မျှအောင်ထည့်ထားတော့ ရေအခမ်းနဲ့ ကြက်အနူးနဲ့ ကွက်တိပေါ့။ ကြက်သားတုံး အအေးခံချိန်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပါးပါးလှီးပါတယ်။ ကြက်သွန်ရောမှ အစပ်အဟပ် တည့်တာ။ ကြက်သားကိုလဲ မျှင်ထားလိုက်ပြီ။ ကြော်ဖို့အသင့်။

 

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကြော်ပြီးဆယ်ထားတယ်။ ကြက်မျှင်ဆက်ကြော်ပါတယ်။ သူ့ကြော်ရတာ အကြာဆုံးပဲ။ မီးပြင်းရင်ကျွမ်းမယ်။ မီးအေးလွန်းရင်လဲ မိုးချုပ်သွားမယ်။ မီးမှန်မှ မွမွရွရွဖြစ်မှာပါ။ ကြော်တုန်း အရောင်တင်ထည့်တယ်။ အစပ်ကြိုက်သူက ငရုတ်သီးအကြမ်းဖတ် ထည့်ပေါ့ဗျာ။ ကြော်ပြီး အအေးခံတယ်။ အားလုံးကိုသမပြီး အရသာညှိတယ်။ အေးတဲ့ခါ ပုလင်းထဲ ထည့်ပါတယ်။ ဒါက သူ့ချည်းနှိုက်မြည်းမြည်း၊ ထမင်းနဲ့စားစား တကယ်မွတဲ့ ကြက်မွကြော်ပေါ့ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

 

#ကျွန်ုပ်လက်ရာ
#ကောလိယဝေယံမောင်မောင်

Comments