ကောက်ညှင်းပေါင်းကို တခြားပဲတွေနဲ့ပေါင်းတာထက် ကုလားပဲနဲ့ပေါင်းတာကို ပိုခုံမင်မိတယ်။ ကောက်ညှင်းဆန်နဲ့ ကုလားပဲက အဆိမ့်အအိမ့်၊ အစပ်အဟပ်တည့်တယ်။ ကောင်ညှင်းပေါင်းပူပူကို နှမ်းထောင်းနိုင်နိုင်ဖြူး၊ အုန်းသီးဖြူဖြူထည့်၊ ပဲဆီမွှေးမွှေးဆမ်းစားလိုက်ရင် သိပ်ပြီးပြည့်စုံတာ။ တစ်ခါပေါင်းရင် တစ်စလောင်းမောက်မောက်။ တစ်ခါတလေ ဘူးနဲ့ထည့်ပြီး လက်ဆောင်ပို့ရသေးသနဲ့ဗျာ။
ကောက်ညှင်းဆန်
ကုလားပဲ
အုန်းသီး
နှမ်း
ဆား
ပဲဆီ
ကောက်ညှင်းဆန်နဲ့ ကုလားပဲကို ရေဆေးပြီး တစ်ညလောက်ရေစိမ်ထားလိုက်တယ်။ ကုလားပဲခမျာ ပိုးပေါက်လေးတွေ ပါနေရှာသေး။ ဝေလီဝေလင်းရောက်ရင် ပေါင်းမယ်။ ပေါင်းချောင်ကို အဝတ်စသန့်သန့်လေး ခင်းပြီး ကောက်ညှင်းဆန်နဲ့ ကုလားပဲ သောင်းပြောင်းရောနှောထည့်ပြီး ပေါင်းထားလိုက်တယ်။
ပေါင်းနေတုန်းမှာ အဆာပလာတွေပြင်တယ်။ အုန်းသီးခွဲခြမ်းပြီး ခြစ်ရတယ်။ နှမ်းထောင်း ထောင်းရ တယ်။ ကောက်ညှင်းနဲ့ကုလားပဲ နူးနပ်ရင် ခူးခပ်ပြီး ဘုရားကိုသင်ပုတ်ကပ်တယ်။ လက်ဆောင်ပို့ဖို့ ဘူးတွေထဲ ထည့်ပါတယ်။ ပြီးတော့ ကိုယ်လဲစားပြီး ရေအေးတစ်ခွက်သောက်လိုက်တယ်။ မြန်မာ့တိုင်းရင်းဆေးမှာ ကောက်ညှင်းစားပြီး အစာကြေဖို့က ရေနွေးအစား ရေအေးသောက်ရတာကိုးဗျ။
ကောလိယ ဝေယံမောင်မောင်
၃၁.၇.၂၀၂၂






Comments
Post a Comment