၅၄၊ စိတ်ငြိမ် နဲ့ ဆိတ်ငြိမ်

 

            ‘စ’ နဲ့ ‘ဆ’ အသံထွက်မတူပေမဲ့ အသံချင်း၊ စာလုံးချင်းနီးကပ်လို့  ‘စိတ်ငြိမ် နဲ့ ဆိတ်ငြိမ်’ လွဲတတ်ပါ တယ်။ ဥပမာ တိတ်ဆိတ်တဲ့ရပ်ကွက်ကို ‘ဆိတ်ငြိမ်ရပ်ကွက်’ လို့ရေးရမဲ့အစား ‘စိတ်ငြိမ်ရပ်ကွက်’ လို့ ရေးမိတတ်တာမျိုးပါ။

 

စိတ်ငြိမ်

            ‘စိတ်ငြိမ်’ အဓိပ္ပာယ်က ရှင်းပါတယ်။ ငြိမ်သက်တဲ့စိတ်ကို ဆိုလိုတာပါ။ ပါဠိစကား ‘စိတ္တ’ ကနေ မြန်မာစကား ‘စိတ်’ ဖြစ်လာတယ်။ စိတ်ရဲ့ တခြားအဓိပ္ပာယ်တွေက ‘ခွဲခြမ်းစိတ်ဖြာတာ၊ စပါးထည့်တဲ့တင်း တစ်တင်းရဲ့ လေးပုံတစ်ပုံ  (ဆန်တစ်စိတ်)’ တို့ဖြစ်ပါတယ်။ 

 

ဆိတ်ငြိမ်

            ‘ဆိတ်ငြိမ်’ ကတော့ တိတ်ဆိတ်ငြိမ်သက်တာ ဖြစ်ပါတယ်။ ဒီစကားလုံးက လေးနက်တယ်။ ‘ဆိတ်’ ရော ‘ငြိမ်’ ရော အသံတိတ်တဲ့သဘော ဆောင်တယ်။ ဆိတ်ရဲ့ တခြားအဓိပ္ပာယ်တွေက ဆိတ်တိရစ္ဆာန်၊ လက်သည်းနဲ့ဖိညှပ်တာ၊ နှုတ်သီးနဲ့ကိုက်တာ၊ ပြုမူရက်တာ (ရှုဆိတ်) တို့ဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင် 

 


Comments