၅၅၊ ရှုံ့ နဲ့ ရှုတ် | ရှုံ့ချ (မှား) ရှုတ်ချ (မှန်)

 

            ‘ရှုံ့’ နဲ့ ‘ရှုတ်’ အသံနီးစပ်တယ်။ ဒါ့ကြောင့် ပီပီသသ မပြောဆို၊ မတင်ဆက်နိုင်ရင် ‘ရှုတ်ချ’ ကို ‘ရှုံ့ချ’ ဆိုပြီးမှားတတ်တယ်။ ရေးရင်လဲ ‘ရှုတ်ချ’ ကို ‘ရှုံ့ချ’ လို့ မှားရေးမိတတ်တယ်။ 

 

ရှုံ့

            ‘ရှုံ့’ ဆိုတာ ‘ကျုံ့တာ’ ပါ။ ‘အတွင်းသို့ တွန့်ခေါက်ကျုံ့ဝင်အောင် လုပ်သည်။’ လို့အဓိပ္ပာယ်ရသလို ‘အတွင်းသို့ကျုံ့ဝင်သော။ တွန့်ခေါက်သော။’ လို့လဲအဓိပ္ပာယ်ရပါတယ်။  ဆိုလိုတာက ကျုံ့အောင်ပဲလုပ်လုပ်၊ သူ့ဘာသာပဲကျုံ့ကျုံ့ ‘ရှုံ့’လို့သုံးပါတယ်။

တချို့စကားလုံးတွေကျ အဲလိုမဟုတ်ဘူး။ လုပ်တာကို တစ်မျိုးရေး/ပြောရတယ်။ ဖြစ်တာကို တစ်မျိုးရေး/ပြောရတယ်။ ဥပမာ ‘ခွဲလို့ကွဲတယ်၊ ဖိလို့ပိတယ်၊ ချုံ့လို့ကျုံ့တယ်’ စသဖြင့်ရှိကြပေမဲ့ ‘ရှုံ့’ ကျတော့ လုပ်တာရော၊ ဖြစ်တာရော တစ်မျိုးတည်းပါပဲ။ ‘ဘောလုံးကိုလေရှုံ့တယ်’ တို့။ ‘ဘောလုံးကရှုံ့သွားပြီ’ ဆိုတာမျိုး ပေါ့။ 

 ‘ရှုံ့’ ကို တွန့်ရှုံ့၊ နှာခေါင်းရှုံ့၊ ပိန်ရှုံ့၊ မျက်နှာရှုံ့၊ ရှုံ့ချည်နှပ်ချည်၊ ရှုံ့တွ၊ ရှုံ့တွန့်၊ အိတ်ရှုံ့ စသဖြင့်သုံးပါတယ်။ စကားမစပ် ‘ရှုန့်’ ဆိုတာတော့ မရှိပါဘူး။

မှတ်ဖွယ်ကတော့ ‘မြေကြောရှုံ့’ ဆိုတာပါ။ ခရီးသွားရချိန်ကို ကျုံ့အောင်ချုံ့တာကို ဆိုလိုတာပါ။ ရှင်မောဂ္ဂလာန်က ခရီးတိုတိုနဲ့ လိုရာရောက်ဖို့ တန်ခိုးနဲ့လုပ်တာမျိုးပေါ့။ ဒီနေ့ခေတ်မှာ ကားနဲ့သွားမဲ့အစား လေယာဉ်နဲ့သွားတာ ကိုလဲ မြေကြောရှုံ့တယ်ခေါ်ရင် မှားမယ်မထင်ဘူး။ ‘ရှုံ့’ ဟာ ‘ရှုပ်၊ ရှုတ်’ တို့နဲ့ အသံနီးစပ်လို့ ‘မြေကြောရှုံ့’ အစား ‘မြေကြောရှုပ်’ ဆိုပြီး မူကွဲရေးတတ်တယ်။ သတ်ပုံမှန်ကတော့ ‘မြေကြောရှုံ့’ ပါ။

 

ရှုတ်

            ‘ရှုတ်’ ဆိုတဲ့စကားလုံးကို ကျွန်တော်တွေ့သလောက် ‘ရှုတ်ချ’ နဲ့ ‘ရှုတ်ရှုတ် (မြည်သံ)’ နှစ်ခုမှာပဲ သုံးတယ်။ ‘ရှုတ်ချ’ဆိုတာ ‘တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာကို နှိမ့်ချပြောဆိုသည်။’ လို့အဓိပ္ပာယ်ရပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်

၃.၈.၂၀၂၂ 

 

#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်


Comments