“ပြည်တဲရေးထက် ဝမ်းရေးခက်” တဲ့ မြန်မာစကားပုံရှိသား။ နှုန်းထားအလီလီ ဈေးတက်ချိန်မှာ ဝမ်းစာရေးအတွက် ပိုခက်တာပေါ့။ ခါတိုင်းများ ဆီပြန်ချက်ရင် တကယ့်ဆီပြန်။ အခုဆီပြန်က ဆီတွေပြန်သွား တာ။ ဘယ်ပြန်သွားလဲမမေးနဲ့။ သူ့ဘာသာ ပြန်ချင်ရာပြန်မှာပေါ့ဗျ။ ဟင်းရွက်ဆီတစ်ဘူးကို ဟိုခေတ်က (၁၈၀၀)ထန်ကုန်။ ခုများဖြင့် တစ်ဘူး(၅၀၀၀)ကျော်။ ငါးထောင်တန်ပေါ်က ဆင်ကြီးက ဈေးသွားရင် တစ်ကောင်တည်းမသွားဝံ့လို့ အဖော်ထည့်ပေးပါတဲ့။
ကြက်ဈေး၊ ဝက်ဈေးအပထား။ ကြက်ဥတောင် တစ်လုံး(၂၀၀)ကျော်ပြီ။ ချက်ပြုတ်ပြီဆို အရသာလဲရှိ၊ အာဟာရလဲရှိအောင်စီမံရလို့ အိမ်ရှင်ထီး အိမ်ရှင်မတွေကို ‘အမ်အီအေ’ တစ်ဘွဲ့စီပေးသင့်တာကြာပြီ။ ဒီနေ့တော့ ဈေးထဲက ကြက်အူထုံးကြီးကို အောက်ဈေးနဲ့ အတင်းဝယ်ချလာပြီး ဆီအမည်ခံထည့်လို့ ချက်ထည့်လိုက်ရဲ့။
ကြက်အူ
ကြက်သွန်ဖြူ
ကြက်သွန်နီ
မဆလာအမယ်စုံ
ဆီ
ဆား
နနွင်း
စိတ်မရှည်ရင်၊ မကျွမ်းကျင်ရင် ကြက်အူမကိုင်သာ အကောင်းဆုံးပဲ။ ချွဲပျစ် ထွေးရှုပ်နေတဲ့ အူခွေတွေကို ကိုယ့်မျက်နှာလိုသန့်အောင်လုပ်ဖို့ သိပ်အချိန်ယူတာ။ အူတွေကို အတွင်းအပြင်လှန်ရတယ်။ အညစ်အကြေးတွေ လုံးဝဥဿုံပြောင်အောင် အလီလီဆေးရတယ်။ ဘာအကျိအချွဲမှ မကျန်အောင်၊ ကြည်လင်အောင်ဆေးပြီးမှ သံယောဇဉ်များလို ထုံးဖွဲ့ရစ်နှောင်ပြီး ပြုတ်ရသေးတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ မဆလအမယ်တွေကို ထောင်းတန်ထောင်းထားရတယ်။
ဆီပူလာရင် တစ်ခုစီ၊ တစ်ဆင့်စီ သတ်ယူရတယ်။ ကြက်သွန်ဖြူနီ ထောင်းထည့်။ နနွင်းလေးထည့်၊ ခဏနေ အရောင်တင်လေးထည့်ပြီး ကြက်အူထုံးပြုတ်တွေ ထည့်ရတယ်။ ရေလေးဖန့်သွားရင် နောက်ရေလေး ထပ်လိုက်ပြီး ဆီလည်ရေလည်အနေမှာ ချရတယ်။ အထင်တော့ကြီးလို့မရဘူး။ ကြက်အူက မချက်ခင်မှာ ကောက်ရိုးလိုအပုံလိုက်။ ချက်ပြီးရင် ကောက်ရိုးပုံထဲကအပ်လိုပဲ။ ဘာဖြစ်ဖြစ်လေ။ ဈေးချို၊ ဆီနည်း၊ အရသာလဲရှိအောင် ဒီနေ့တော့ ဒီလိုချက်ပါကြောင်း တင်ပြရသည်ပေါ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၄.၈.၂၀၂၂
#ကျွန်ုပ်လက်ရာ
#ကောလိယဝေယံမောင်မောင်



Comments
Post a Comment